အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက သူတို့အသင်းအနေနဲ့ အတ္တလန်တာလို ကလပ်အသင်းမျိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်း ပွဲစဉ်မှာ အနိုင်ရအောင် ကစားဖို့ဆိုတာဟာ အရမ်းကို ခက်ခဲလွန်းတယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ချန်ပီယံလိဂ် league phase အဖွင့်ပွဲစဉ်အဖြစ် အတ္တလန်တာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယပိုင်းမှာ ပင်နယ်တီ ကန်သွင်းခွင့် ခွင့်ပြုပေးခဲ့ရပေမယ့် ဂိုးသမား ဒေးဗစ် ရာယာရဲ့ လက်စွမ်းပြ ကာကွယ်နိုင်မှုကြောင့် အရှုံးရလဒ်နဲ့ မကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Arsenal

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် အဝေးကွင်းပွဲတွေမှာကတည်းက အခုလို ရလဒ်ကောင်းတွေ မရယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် အဝေးကွင်း (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားခဲ့ရသလို အဝေးကွင်း (၃)ပွဲဆက် နိုင်ပွဲရော သွင်းဂိုးတွေပါ ပျောက်ဆုံးထားခဲ့ရပါတယ်။

ဒီပွဲစဉ်အပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက “အသင်းက အနိုင်မရနိုင်ဘူးဆိုရင် မရှုံးအောင် ကစားရမယ်ဆိုတာ သေချာပါတယ်။ ဒီလို ပြိုင်ဘက်အသင်းမျိုးကို ဥရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ပြီး အနိုင်ရအောင် ကစားဖို့ဆိုတာဟာ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ ကစားခဲ့တာကို ပြန်ကြည့်မယ်ဆိုရင်တော့ အသင်းက ဘောလုံးမရှိချိန်မှာ ကစားပုံ ကောင်းမွန်ခဲ့ပါတယ်။”

Photo Credit : Youtube

“ဒါပေမယ့် ခြေထဲမှာ ဘောလုံးရှိနေချိန်မှာတော့ တသမတ်တည်း ဖြစ်နေစေဖို့က အများကြီး လိုအပ်နေသေးတယ်။ ဒါမှလည်း ဥရောပမှာ လွှမ်းမိုးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။ အခုကတော့ အသင်းက အနားယူပြီးတာနဲ့ လာမယ့်ပွဲအတွက် ပြင်ဆင်ပါတော့မယ်။”

“မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ကျွန်တော်တို့အသင်းဘက်ကနေ ပိုကောင်းအောင် လုပ်ဖို့လို့တဲ့အရာတွေ အများကြီး တိုးတက်လာဖို့အတွက် ကြိုးစားသွားရပါမယ်။ ကောင်းကောင်းအနားယူပြီးတာနဲ့ ဒီပွဲအတွက် အသေအချာ ပြင်ဆင်ပါတော့မယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ရော မန်စီးတီးရောက ဒီကြားရက် ချန်ပီယံလိဂ် league phase တွေအဖြစ် အီတလီ ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ရရင်း ဂိုးမရှိသရေ ရလဒ်တွေကိုသာ တိုက်တိုက်ဆိုင်ဆိုင် ရရှိထားခဲ့ပါတယ်။