ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဟန်ဆီ ဖလစ်ခ်က သူတို့အသင်းအနေနဲ့ ဒီနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူး ရယူသွားနိုင်တယ်လို့ အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ချန်ပီယံလိဂ်ဖလားကြီးကို (၅)ကြိမ်အထိ ရယူထားခဲ့ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲမှာပါ နံပါတ် (၅)နေရာအထိ ရပ်တည်ထားတဲ့အသင်း ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ် ရယူထားနိုင်ခဲ့တာက ၂၀၁၄-၂၀၁၅ ဘောလုံးရာသီက ဖြစ်ပါတယ်။

Photo Credit : Forbes

ဒီဆုဖလားကြီးနဲ့ ဆယ်စုနှစ်တစ်ခုလောက်အထိ အလှမ်းဝေးနေရတဲ့အပြင် အဲ့ဒီနောက်ပိုင်းနှစ်တွေထဲ ဆီမီးဖိုင်နယ်အဆင့်လောက်ထိတောင် တစ်ကြိမ်သာ တက်လှမ်းနိုင်ခဲ့တဲ့အထိ ဘာစီလိုနာအသင်းရဲ့ အခြေအနေက ဆိုးရွှားခဲ့ပါတယ်။ အခုတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဖလားကို ပြန်လည် ဆွတ်ခူးဖို့အတွက် မျှော်လင့်ချင် ရောင်ခြည်တွေ သန်းလာခဲ့ပါပြီ။

ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာက အခုဆိုရင် နည်းပြသစ် ဟန်ဆီ ဖလစ်ခ်လက်ထက်မှာ ဖျော်ဖြေပေးတဲ့ ကစားဟန်မျိုး တိုက်စစ်အားသန်တဲ့ ကစားဟန်မျိုးကို ပြသထားလျက် ရှိနေသလို ခြေစွမ်းပိုင်းသာမကပဲ ရလဒ်ပိုင်းတွေပါ အတော်လေးကို ကောင်းမွန်လို့နေပါတယ်။ ဖလစ်ခ်ကလည်း ဘိုင်ယန်ကို ကိုင်တွယ်တုန်းက သမိုင်းဝင် အောင်မြင်မှုတွေအထိပါ ရယူပေးခဲ့တဲ့ နည်းပြကောင်းတစ်ဦး ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ဒီရာသီ လာလီဂါမှာ (၅)ပွဲ (၅)ပွဲလုံး ရာနှုန်းပြည့် နိုင်ပွဲရထားပြီး ခြေအတော်စွာနေတဲ့ ဘာစီလိုနာဟာ ဒီညမှာတော့ မိုနာကိုအသင်းနဲ့ ချန်ပီယံလိဂ် league phase ပွဲကို စတင် ကစားသွားရပါမယ်။ ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဖလစ်ခ်က “ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်ပါတယ်။”

“ဘာစီလိုနာလို ကလပ်အသင်းကြီးက ဆုဖလားတိုင်းကို ရယူချင်မှာ ဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ဆိုတာကလည်း ကမ္ဘာပေါ်က အကောင်းဆုံးသော ပြိုင်ပွဲတစ်ခုပါပဲ။ ကျွန်တော်တို့လည်း ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေနဲ့ ထိပ်တိုက် ယှဉ်ပြိုင်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။” လို့ ကြွေးကြော် ပြောကြားသွားခဲ့ပါတယ်။