လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် အီတလီ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဆာဟာ ဒီနေ့ည မီလန်မြို့မှာ ကျင်းပမယ့် အေစီမီလန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အတွက် ပွဲကစားခွင့် စတင် ရရှိလိမ့်မယ်လို့ လီဗာပူးလ်နည်းပြ အာနာ ဆလော့က အတည်ပြု ပြောဆိုလိုက်ပါတယ်။

အသက် (၂၆)နှစ်အရွယ် အီတလီ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ခီယေဆာဟာ ဒီနွေမှာပဲ ဂျုဗင်တပ်စ်ကနေ လီဗာပူးလ်အသင်းဆီကို ပေါင် (၁၀)သန်းတည်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကြံခိုင်မှု အားနည်းနေသေးတဲ့အတွက် အခုထိ လီဗာပူးလ်အတွက် တစ်ပွဲမှ မကစားရသေးပဲ ဖြစ်နေပါတယ်။

Photo Credit : The Empire of The Kop

ဒဏ်ရာ ပြသာနာတွေကြောင့် ဂျုဗင်တပ်စ်မှာ ချောင်ထိုးခံခဲ့ရပေမယ့် ခီယေဆာက အရည်အသွေး ပြည့်ဝတဲ့ တောင်ပံကစားသမားကောင်းတစ်ဦးဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း အီတလီ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သလို ယူရိုချန်ပီယံ ဖြစ်အောင်လည်း အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီလို ကစားသမားတစ်ဦးကို ပေါင် (၁၀)သန်းလောက်နဲ့ ခေါ်ယူလိုက်နိုင်တဲ့ လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့ပိုင်းဆိုင်ရာ လုပ်ဆောင်မှုဟာလည်း တကယ်ကို အထင်ကြီးလောက်စရာဖြစ်ပြီး အခုဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆာလာ ခီယေဆာ ဒီးယက်ဇ် နူးညက်ဇ် ဂျိုတာ ဂက်ပိုတို့နဲ့ အားရစရာ တိုက်စစ်အစုအဖွဲ့တစ်ခု ဖြစ်နေရပါတယ်။

 

Photo Credit : Football Italia

လက်ရှိမှာ ခီယေဆာကလွဲပြီး ကျန်တဲ့ တိုက်စစ်ကစားသမားတွေက လီဗာပူးလ်အတွက် ပွဲကစားခွင့်တွေ ရရှိထားပေမယ့် လာမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ခီယေဆာက စတင် ကစားခွင့် ရလာတော့မယ်လို့ ဆလော့က ပြောဆိုလာပါတယ်။ “အသင်းရဲ့ ကစားသမား ရွေးချယ်မှုမှာ သူက ပထမဆုံးအကြိမ်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။”

“သူက အဲ့ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖို့တော့ မမျှော်လင့်ကြပါနဲ့။ ဒါပေမယ့် မိနစ်အနည်းငယ်လောက်တော့ သူ ကစားနိုင်ပါလိမ့်မယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။ စနေနေ့က အန်ဖီးလ်မှာ နော်တင်ဟမ် ဖောရက်စ်ကို ရှုံးနိမ့်ထားတဲ့ လီဗာပူးလ်က အခု အေစီမီလန်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းတစ်ရပ် ပြန်လည် ရယူပြဖို့ အရေးတကြီး လိုအပ်နေပြီး ခီယေဆာကလည်း အသင်းအတွက် ပါဝင်ကစားခွင့် ရနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။