ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး အလန် ရှီးယားက အာဆင်နယ်အသင်း ခံစစ်တန်းက ဗဟိုခံစစ် အတွဲအဖက်တွေဖြစ်တဲ့ ဝီလီယံ ဆလီဘာနဲ့ ဂါဘရီရယ် မာဂါဟေ့စ်တို့ရဲ့ ခံစစ်အရည်အသွေးကောင်းတွေကို ခမ်းနားလွန်းတယ်လို့ ချီးမွှမ်း ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က သူတို့ရဲ့ ခါးသီး မြို့ခံပြိုင်ဘက် စပါးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒက်ကလန်ရိုက်စ်နဲ့ အသင်းခေါင်း အိုဒီဂတ်တို့ ဒဏ်ရာပွဲပယ်တွေကြောင့် လွဲချော်ခဲ့ရပေမယ့်လည်း အသင်းက အကောင်းဆုံးပုံစံ ပြသရင်း စပါးကို ရင်ဆိုင်ခဲ့ပါတယ်။

Photo Credit : now.arsenal

အာဆင်နယ်က အခု ပရီးမီးယားလိဂ် ပွဲစဉ် (၄)ပွဲအထိ ကစားထားပြီးချိန် ခံစစ်က ပေးဂိုး (၁)ဂိုးတည်းသာ ရှိထားခဲ့ပြီး ဒါကလည်း ဘရိုက်တန်ကို သရေကျတဲ့ ပွဲစဉ်မှာသာ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင်မှ အာဆင်နယ်အနေနဲ့ ဒီနွေမှ ခေါ်ထားတဲ့ အီတလီ ခံစစ်မှူး ကာလာဖီအိုရီကိုတောင် သိပ်မသုံးရတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အာဆင်နယ် ခံစစ်က ပိုကောင်းလာဖို့ ရှိနေပါတယ်။

လက်ရှိ အာဆင်နယ်ခံစစ်မှာ ဆလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ ဗဟိုခံစစ် အတွဲအဖက်က အတော်လေး အလုပ်ဖြစ်နေပြီး စပါးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာလည်း စပါးတိုက်စစ်ကို အကောင်းဆုံး ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ ဒီခံစစ်အတွဲအဖက်နဲ့ ပတ်သက်ပြီး အလန် ရှီးယားက “သူတို့နှစ်ဦးက လူကောင်လည်းကြီးတယ်။ ကြံခိုင်မှုလည်း ကောင်းကြတယ်။”

Photo Credit : Newcastle World

“သန်လည်းသန်မာကြတယ်။ ဘယ်လို တိုက်ပွဲကိုမဆို ရင်ဆိုင်သွားရဖို့ နှစ်သက်ကြသူတွေပါ။ သူတို့က ပင်နယ်တီ ဧရိယာထဲကို ဝင်လာကြသမျှကို ဖယ်ရှားပစ်နိုင်တာဟာ လုံးဝကို ခမ်းနားလွန်းပါတယ်။ အာဆင်နယ်လို အသင်းမျိုးကို တစ်ဂိုးပေးထားလိုက်ရပြီဆိုရင် ဒီရလဒ်ကနေ ပြန်လာနိုင်ဖို့အတွက် ထူးခြားတာ တစ်ခုခု လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလို ရလဒ်ကနေ ပြန်လာဖို့ဆိုတာ ခက်ခဲလွန်းနိုင်တာကြောင့်ပါ။”

“အာဆင်နယ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ်တန်းကို ပိုင်ဆိုင်ထားတယ်ဆိုတာကလည်း သံသယမရှိနိုင်ပါဘူး။ သူတို့ခံစစ်တန်းရဲ့ လည်ပတ်ပုံ အလုပ်လုပ်ပုံနဲ့ ကာကွယ်နိုင်ပုံတွေကြောင့် စပါးတို့ ဒါကို အဖြေရှာဖို့ ခက်ခဲသွားခဲ့ရတယ်။ အမြင့်ဘောတွေ အသုံးပြုလာတော့လည်း ဒါက အာဆင်နယ် ဗဟိုခံစစ်သမား (၂)ဦးအတွက် ဘာအခက်အခဲမှ မရှိနေပါဘူး။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။