ဒီနွေမှာ နာပိုလီအသင်းကနေ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်နဲ့ ပတ်သက်ပြီး ဖီနာဘာချီ နည်းပြဖြစ်သူ ဂျိုဆေး မော်ရင်ဟိုက အိုဆီမန်ဟာ ဒိုင်ဗင်အထိုးများတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အိုဆီမန်ဟာ ဒီနွေမှာ ပီအက်စ်ဂျီ ချယ်လ်ဆီးနဲ့ ဆော်ဒီကလပ် အယ်လ်အာလီတို့ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဈေးကွက်ပိတ်သွားချိန်ထိ အပြောင်းအရွှေ့က မဖြစ်ပေါ်ခဲ့ပဲ နောက်ဆုံးမှာတော့ ဈေးကွက်ဖွင့်နေသေးတဲ့ တူရကီလိဂ်ရဲ့ နာမည်ကျော်ကလပ် ဂါလာတာစာရေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Intel Region

ဂါလာတာစာရေးဟာ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် တိုက်စစ်မှူး အီကာဒီရဲ့ ဒဏ်ရာ ပြသာနာကြောင့် ထိပ်တန်း တိုက်စစ်ကစားသမားဖြစ်တဲ့ အိုဆီမန်ကို နာပိုလီကနေ အငှားနဲ့ ရအောင် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဂါလာတာစာရေးအတွက်ရော တူရကီလိဂ်အတွက်ပါ အကျိုးရှိစေမယ့် ခေါ်ယူမှုတစ်ခု ဖြစ်စေရပါတယ်။

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဂါလာတာစာရေးရဲ့ မဟာပြိုင်ဘက် ဖီနာဘာချီ အသင်းနည်းပြ မော်ရင်ဟိုက “အိုဆင်မန်က ထူးချွန်တဲ့ ကစားသမားပါ။ ကျွန်တော်သာ ပေါင် သန်း(၇၀) (၇၅)သန်း ပေးချေနိုင်တဲ့ အလားအလာမျိုးရှိတဲ့ ကလပ်အသင်းမှာ ရှိနေမယ်ဆိုရင် သူ့ကို ရအောင်ခေါ်မှာ။ အခု သူက ဒီကို အခြေအနေ အမျိုးမျိုးနဲ့ ရောက်လာပေမယ့် အခြေအနေတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက ဂါလာတာစာရေးဟာ တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးကို ပိုင်ဆိုင်လိုက်ရတာပါပဲ။”

Photo Credit : Daily Mail

“ကျွန်တော်က ဗစ်တာနဲ့ ဘာအဆင်မပြေတာမှ မရှိဘူး။ ကျွန်တော်နဲ့ သူ့ကြားမှာလည်း ဆက်ဆံရေးကောင်းတွေ ရှိတယ်။ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ရတဲ့ ပွဲတိုင်းမှာတော့ ကျွန်တော် သူရဲ့အမှုအကျင့်တစ်ခုကို သဘောမကျတဲ့အကြောင်း ပြောဖြစ်တယ်။ သူက အရမ်း ဒိုင်ဗင်ထိုးလွန်းပါတယ်။ ရိုးမားနဲ့ နာပိုလီတို့ ကစားတဲ့ပွဲတုန်းကလည်း ကျွန်တော် သူ့ကို ပြောပါတယ်။ လက်ရှိ အာဖရိကရဲ့ အကောင်းဆုံး ကစားသမားထဲမှာ မင်းနဲ့ မိုဆာလာတို့ ရှိနေတယ်။”

“အရင်ကဆိုရင် ဒရော့ဘာ အီတူး ဂျော့ရှ်ဝီယာတို့ ရှိနေတယ်။ မင်း ဒီလိုတွေ ပြုမှုနေလို့ မဖြစ်ဘူး။ သူက ဒိုင်ဗင်ထိုးလွန်းတာက သူနဲ့ ပတ်သက်ပြီး ကျွန်တော် အဆင်မပြေတဲ့ ကိစ္စပါပဲ။ အဲ့ဒီလိုပြောပြီး ခဏလောက်နေတာနဲ့ ကျွန်တော်တို့ အဆင်ပြေသွားပါလေရော။ အခု တူရကီလိဂ်ဆီ ရောက်လာတာက ဒီလိဂ်အတွက်ရော ဂါလာတာစာရေးအတွက်ပါ အရမ်းကောင်းပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။