ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ အစီအစဉ် ရှိနေပြီး လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ အေစီမီလန်အသင်း နည်းပြဟောင်း စတီဖာနို ပီအိုလီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖွယ် ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းရဲ့ လက်ရှိနည်းပြကြီး လူးဝစ် ကက်စထရိုဟာ ပြီးခဲ့တဲ့ ရာသီကမှ အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး အာရပ်ကလပ် ချန်ပီယံ ဆုဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဆော်ဒီလိဂ် အမှတ်ပေးပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲတိုင်းလိုလိုမှာ အယ်လ်ဟီလာအသင်းကို မယှဉ်နိုင်ခဲ့ပဲ ဆုဖလားတွေကို လက်လွတ်ခဲ့ရပါတယ်။

Photo Credit : Eurosport

ဒီရာသီအစမှာလည်း ဆော်ဒီစူပါဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဟီလာကိုပဲ (၄)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြန်တာကြောင့် ဒီရှုံးပွဲက နည်းပြ ကက်စထရိုရဲ့ အနာဂတ် အခြေအနေကို အတော်လေး ရိုက်ခတ်သွားခဲ့ရပါတယ်။ ဒါကြောင့်ပဲ အယ်လ်နာဆာက နည်းပြတော်တော်များများနဲ့ သတင်းထွက်လာခဲ့ပြီး အခုလည်း နည်းပြ ပီအိုလီနဲ့ပါ သတင်းထွက်နေပါတယ်။

အသက် (၅၈)နှစ်အရွယ် အီတလီလူမျိုး ဘောလုံးနည်းပြ ပီအိုလီဟာ အီတလီကလပ်အသင်းပေါင်း များစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး မီလန်နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်းမှာလည်း မီလန်အသင်းကို အီတလီ စီးရီးအေ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ပီအိုလီဟာ ပြီးခဲ့တဲ့ မေလကမှ မီလန်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသလို သူ့ကိုလည်း အယ်လ်နာဆာအသင်းက စိတ်ဝင်စားနေပါတယ်။ ပီအိုလီက high profile နည်းပြကြီးတစ်ဦး မဟုတ်ပေမယ့်လည်း သူရဲ့ နည်းပြအတွေ့အကြုံက အတော်လေး များပြားနေတဲ့အပြင် လက်ရှိ အယ်လ်နာဆာ နည်းပြထက်လည်း နည်းဗျူဟာပိုင်း ပိုမို ကြွယ်ဝနိုင်ပါတယ်။

အယ်လ်နာဆာအသင်းက လာမယ့်ပွဲစဉ်မှာပဲ အယ်လ်အာလီလို အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ အယ်လ်နာဆာက ရလဒ်ဆိုးမယ်ဆိုရင် နည်းပြ ကက်စထရိုကို ရာထူးကနေ ထုတ်ပယ်လာနိုင်ဖွယ် ရှိနေသလို သူ့နေရာမှာလည်း ပီအိုလီ ဒါမှမဟုတ် ပေါ်တိုနည်းပြဟောင်း ဆာဂျီယို ကွန်ဆီကာအိုနဲ့ အစားထိုးလာနိုင်ပါတယ်။