ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂၀၂၄ ဘာလွန်းဒေါဆုအတွက် ဆန်ကာတင်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး ကစားသမား အယောက် (၃၀) ဆန်ကာတင်စာရင်းမှာ ရီးယဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် ကြယ်ပွင့်ကစားသမား ရိုဒရီဂီုက အံ့အားသင့်စဖွယ် ချန်လှပ်ခံခဲ့ရပါတယ်။

၂၀၂၄ ဘာလွန်းဒေါဆုအတွက် အယောက် (၃၀) ဆန်ကာတင်စာရင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းက ဗင်နီစီယပ်စ် ဘယ်လင်ဟမ် ဗယ်လ်ဗာဒီ ကာဗာဟယ်လ် ရူဒီဂါတို့ ပါဝင်လာပြီး ကစားသမားဟောင်း တိုနီ ကရူးစ်နဲ့ ဒီနွေမှ အသင်းကို ရောက်လာတဲ့ ကီလီယန် အမ်ဘာပေတို့လည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : CBS Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းတွေအတွက် အကောင်းဆုံး စွမ်းဆောင်ပြခဲ့တဲ့ ကစားသမားတွေထဲကမှ အယောက် (၃၀)ကို ရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် ဒီဆန်ကာတင်စာရင်းထဲမှာ ရီးယဲလ်က တိုက်စစ်ကစားသမား ရိုဒရီဂိုနဲ့ ဘိုင်ယန်က ကွင်းလယ်တိုက်စစ် ကစားသမား မူစီအာလာတို့က ရွေးချယ်မခံရပဲ ချန်လှပ်ခံခဲ့ရပါတယ်။

ဒီလို ချန်လှပ်ခံရတာနဲ့ ပတ်သက်ပြီး ရိုဒရီဂိုက “ဘာလွန်းဒေါဆုရဲ့ ဆန်ကာတင်စာရင်းမှာ မပါဝင်လာတာကို တွေ့လိုက်ရလို့ စိတ်မကောင်း ဖြစ်မိရပါတယ်။ ကျွန်တော် ဒီစာရင်းထဲမှာ ပါဝင်ဖို့ ထိုက်တန်မှု ရှိတယ်လို့ ထင်မိပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေကို မနှိမ့်ကျချင်ပေမယ့် ကျွန်တော်ကတော့ ဒီစာရင်းရဲ့ နေရာတစ်ခုမှာ ရှိနေသင့်တယ်လို့ ထင်ပါတယ်။”

Photo Credit : Legit.ng

“အဲ့ဒါက အံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်နိုင်တာ အများကြီး မရှိပါဘူး။ ကျွန်တော် ဆုံးဖြတ်ချက်ချတာ မဟုတ်လို့ပါ။” လို့ ရှင်းလင်း ပြောဆိုခဲ့သလို ဆက်လက်ပြီး “ကျွန်တော် အကြိမ်ကြိမ် ရယူခဲ့ပြီးသား ဆုဖလားတွေကိုလည်း နောက်ထပ် ရယူသွားချင်ပါသေးတယ်။”

“ရီးယဲလ်မက်ဒရစ်အသင်းဟာလည်း ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်း ဖြစ်နေတာကြောင့် ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ပုံမှန် ကစားခွင့်ရဖို့ ထိပ်တန်းအဆင့်မှာ အမြဲရှိနေအောင် ကြိုးစားအားထုတ်ရတာက ကျွန်တော့်အတွက် တွန်းအားဖြစ်စေရတယ်။ အဲ့ဒါကြောင့် ကျွန်တော် နေ့တိုင်း ပိုကောင်းလာအောင် လေ့ကျင့်နေရတာပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။