နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခါနီး ကာလကို ရောက်ရှိလာချိန်မှာတော့ ဆော်ဒီ ထိပ်သီးကလပ်အသင်းတွေရဲ့ ဈေးကွက်လှုပ်ရှားမှုတွေကိုလည်း စတင် မြင်တွေ့လာခဲ့ရပြီ ဖြစ်ပါတယ်။ အခုလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက လိုက်ပ်ဇစ် နောက်ခံလူ ဆီမာကန်ကို ခေါ်ယူဖို့ here we go ခဲ့ပြီလို့ ဖော်ပြလာပါတယ်။

အယ်လ်နာဆာအသင်းဆိုတာ ဆော်ဒီပရိုလိဂ် ဘောလုံးပြိုင်ပွဲကို ကမ္ဘာပေါ်က ဘောလုံးဝါသနာရှင်တွေ မျက်စိကျလာအောင် စွမး်ဆောင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပြီးတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲလာခဲ့တဲ့ လက်ရှိ ဘောလုံးလောကရဲ့ GOAT တစ်တွေထဲက တစ်ဦးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

Photo Credit : Football Transfer

အဲ့ဒီနောက်ပိုင်းမှာပဲ နေမာ ဘန်ဇီမာ မာနေးတိုု့လို ကမ္ဘာထိပ်တန်း ကစားသမားတွေက ဆော်ဒီလိဂ်ဆီ ရောက်ရှိလာခဲ့ကြပြီး အဓိကတော့ ကစားသမားတွေက မက်မောလောက်စရာ လုပ်ခလစာတွေကြောင့် ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် ဆော်ဒီအသင်းတွေကြား ပြိုင်ဆိုင်မှုတွေကတော့ ပိုမို ပြင်းထန်လာခဲ့ပါတယ်။

အခုလည်း ဥရောပ ဘောလုံးနယ်ပယ်မှာ ချယ်လ်ဆီး ပီအက်စ်ဂျီ အာဆင်နယ်တို့လို အသင်းတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုလည်း ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်အာလီက ယူရို သန်း(၈၀)ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီသွားခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Saudi League Buzz

ဒီအချိန်မှာ အယ်လ်နာဆာအသင်းကလည်း အသင်းတိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒို မာနေး တာလီစကာတို့လို ကစားသမားကောင်းတွေ ရှိနေတာမို့ အသင်းခံစစ်ပိုင်းအတွက်ကိုပဲ ဂိုးသမား ဘန်တို မာသီးယပ်စ်ကို ခေါ်ယူခဲ့ပြီး အခုလည်း လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဆီမာကန်ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်ပါတော့မယ်။

အသက် (၂၄)နှစ်အရွယ် မိုဟာမက် ဆီမာကန်ဟာ ဗဟိုခံစစ်ရော ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ် ကစားသမားလည်း ဖြစ်ပါတယ်။ အခုတော့ ဆီမာကန်ဟာ အယ်လ်နာဆာအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ပြီး ကစားသမားရဲ့ တန်ကြေးကတော့ ယူရို (၃၅)သန်းလောက် ရှိနေသလို ၂၀၂၇ခုနှစ်အထိ လိုက်ပ်ဇစ်နဲ့ သက်တမ်းရှိနေတာမို့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၄၀)လောက် အသုံးပြုရနိုင်ပါတယ်။