ဂျုဗင်တပ်စ်အသင်းက နွေဈေးကွက် မပိတ်သိမ်းခင် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေး ညှိနှိုင်းနေမှုတွေအား အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း နာမည်ကျော် အီတလီ ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီနွေမှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေ အတော်လေး လုပ်ဆောင်ထားခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဆာကို လီဗာပူးလ်အသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက် သူ့နေရာအတွက် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုနဲ့ ပြန်လည် အစားထိုးချင်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Football365
ဒါပေမယ့် ဂျုဗင်တပ်စ်က ဒီနွေမှာ ကစားသမားသစ် (၄)ဦးကို အပြီးသတ် ခေါ်ယူမှုအတွက် ယူရို (၁၃၉)သန်းအထိ အသုံးပြုထားသလို အငှားခေါ်ယူထားတဲ့ ကစားသမားတွေအတွက်ပါ အငှားခေါ်ယူခွင့် (၂၃.၂)သန်းအထိတောင် သုံးစွဲထားရပါတယ်။ ဒါကြောင့်မို့ ဆန်ချိုကိုလည်း အငှားခေါ်ယူခွင့်နဲ့သာ ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ ဆန်ချိုကို အငှားမချချင်တော့ပဲ အပြီးသတ် ဒါမှမဟုတ် အငှား+အပြီးသတ်နဲ့သာ လက်လွတ်ချင်နေပြီး ဒါကို ဂျုဗင်တပ်စ်ကလည်း ဆန်ချိုအတွက် ယူနိုက်တက်ဘက်က သတ်မှတ်ထားတဲ့ တန်ကြေးဟာ များပြားလွန်းတယ်လို့ ယူဆလာတာကြောင့် အပြောင်းအရွှေ့အတွက် ဆက်လက် ဆွေးနွေးလိုခြင်း မရှိတော့ပဲ ရပ်ဆိုင်းလိုက်ပါတယ်။
Photo Credit : ESPN
တစ်ဖက်မှာတော့ ချယ်လ်ဆီးအသင်းက ရာဟင်း စတာလင်းကို အသင်းကနေ မဖြစ်မနေ ရောင်းထုတ်သွားချင်နေပြီး စတာလင်းနေရာမှာလည်း ဆန်ချိုနဲ့ ပြန်လည် အစားထိုးသွားဖို့ ဆန္ဒရှိနေရာ ဆန်ချိုနဲ့ စတာလင်းကိုပါ ကစားသမားချင်း တိုက်ရိုက် အလဲအထပ် လုပ်ဆောင်ဖို့လည်း စိတ်ဝင်စားနေပါတယ်။
ချယ်လ်ဆီး ဆန်ချ်ိုကို ခေါ်ယူဖို့အတွက် စတာလင်း ဒါမှမဟုတ် ဘင်ချီဝဲလ်တို့ထဲက တစ်ဦးဦးနဲ့ swap deal လုပ်ဆောင်ချင်နေပေမယ့် ယူနိုက်တက်ကတော့ ဒီအပြောင်းအရွှေ့အပေါ် သိပ်ပြီး စိတ်တိုင်းမကျတဲ့အတွက် သဘောတူဖွယ် မရှိသေးပေမယ့် ဆန်ချိုကတော့ သူ ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။