ချယ်လ်ဆီးအသင်းဟာ ဒီနွေဈေးကွက် မပိတ်ခင်မှာ အသင်းက ကစားသမား (၇)ယောက်အထိကို အပြီးသတ် ရောင်းထုတ်သွားဖို့ ရှိနေပြီး ဒီကစားသမားတွေ ရောင်းချသွားခြင်းကနေလည်း ပေါင် သန်း(၂၀၀)လောက်အထိ ရရှိသွားချင်နေတယ်လို့ Mirror Football ကနေ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက အခု နွေဈေးကွက်ထဲမှာ တခြားသော ကလပ်အသင်းတွေ အားလုံးထက် ကစားသမားသစ် ခေါ်ယူမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လို့ထားတာဖြစ်ပြီး ကစားသမားသစ် (၉)ဦးအတွက် အသုံးစရိတ်ကို ယူရို (၁၈၉)သန်းအထိပင် အသုံးပြုထားခဲ့ပါတယ်။

Photo Credit : Sky Sports

လက်ရှိအချိန်ထိတော့ ချယ်လ်ဆီးဟာ အသင်းကနေ ကစားသမား (၄)ဦးကိုသာ ရောင်းချထားရသေးပြီး ဒီရောင်းချမှုကနေတော့ ယူရို (၁၀၃)သန်းသာ ပြန်လည် ရရှိထားပါသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ အခု နွေဈေးကွက် မပိတ်ခင်အတွင်း ကစားသမား ထပ်မံ ခေါ်ယူမှုတွေလည်း ရှိလာနိုင်သလို ကစားသမား ရောင်းချမှုတွေဟာလည်း ဆက်တိုက် ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

မကြာခင်မှာပဲ ချယ်လ်ဆီးနဲ့ အသက်လက်တီကိုအသင်းတို့ကြား ဂျာအို ဖီးလစ်နဲ့ ကော်နာ ဂယ်လက်ဂါတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာတော့မှာ ဖြစ်ပေမယ့် ချယ်လ်ဆီးက ဂျာအို ဖီးလစ်အတွက် အသုံးပြုရမယ့် တန်ကြေးက ဂယ်လက်ဂါကို ရောင်းချရလို့ ပြန်ရလာမယ့် တန်ကြေးထက် ပိုများနေမှာ သေချာပါတယ်။

Photo Credit : GiveMeSport

ဒါကြောင့် ချယ်လ်ဆီးက ဒီနွေဈေးကွက် မပိတ်ခင်မှာပဲ တိုက်စစ်မှူး လူကာကူ ၊ တောင်ပံကစားသမား စတားလင်း ၊ ဘယ်နောက်ခံလူ ဘင်ချီဝဲလ် ၊ ဂိုးသမား ကပ်ပါ ၊ ဂိုးသမား ပီထရိုဗစ် ၊ နောက်ခံလူ ချာလိုဘာနဲ့ ကွင်းလယ်ကစားသမား ချူကွယ်မယ်လ်ကာတို့ကို ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီကစားသမား (၇)ဦး ရောင်းချမှုကနေ ပေါင် သန်း(၂၀၀) ယူရို သန်း(၂၃၀)လောက်အထိ ပြန်လည် အလိုရှိနေပေမယ့် ကစားသမား (၇)ဦးလုံးရဲ့ လက်ရှိ တန်ကြေးအရဆိုရင် စုစုပေါင်း ယူရို (၁၅၃)သန်းသာ ရှိနေသလို စတာလင်ပေါင်နဲ့ဆိုရင် ပေါင် သန်း(၁၃၀)သာ ရှိနေပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေက ချယ်လ်ဆီးမှာ အနာဂတ် မရှိတော့တာမို့ ဒီနွေမှာ သေချာပေါက် အသင်းကနေ ထွက်ခွာကြဖွယ် ရှိနိုင်ပါတယ်။