ဒီကနေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို တရားဝင် ပြောင်းရွှေ့ ရောက်ရှိလာတော့မယ့် နယ်သာလန် နောက်ခံကစားသမား မာသိုင်း ဒီလစ်က ယူနိုက်တက်အတွက် အသုံးဝင်မယ့် ကစားသမား ဖြစ်လာမယ်ဆိုတာကို သံသယ ရှိနေမိကြောင်း ဘောလုံးသမားဟောင်းကြီး ဂရေမီ ဆောင်းနက်စ်က သုံးသပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်ကစားသမား ဇက်ခ်ဇီးနဲ့ နောက်ခံကစားသမားလေး ယိုရိုတို့ကို ခေါ်ယူခဲ့ပြီးနောက် ဒီရက်ပိုင်းမှာပဲ ဘိုင်ယန်ရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇရာဝီတို့ နှစ်ဦးလုံးကိုပါ ထပ်မံ ခေါ်ယူ အားဖြည့်ခဲ့ပြန်ပါတယ်။

Photo Credit : Transfermarket

ကစားသမားသစ်လေး ယိုရိုက ဒဏ်ရာကြောင့် (၃)လလောက်အထိ နားရတော့မယ့် အခြေအနေမှာ ယူနိုက်တက်အနေနဲ့ ဒီလစ်လို ခံစစ်မှူးတစ်ဦးကို ခေါ်ယူလိုက်နိုင်တာက အသင်းအတွက် အကျိုးရှိစေပေမယ့်လည်း pundit တစ်ဦးအဖြစ် ဆောင်ရွှက်နေတဲ့ ဂရေမီ ဆောင်းနက်စ်ကတော့ ဒီလစ်ကို သံသယရှိမိတယ်လို့ မှတ်ချက်ပြု ပြောဆိုလာပါတယ်။

ဒီလစ်နဲ့ ပတ်သက်ပြီး ဆူးနက်စ်က “ကျွန်တော်ကတော့ ဒီလစ်နဲ့ ပတ်သက်ပြီးတော့ သံသယ ဖြစ်မိပါတယ်။ သူက ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ပြိုင်ပွဲဝင် ကစားသမားစာရင်းအတွက် ရွေးချယ်ခံရပြီးမှ လုံးဝ ကစားခွင့် မရခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ခဲ့သေးတယ်။ ပြီးတော့ သူကစားခဲ့တဲ့ အသင်းတွေကို ကြည့်လိုက်ရင်လည်း သူက ဘိုင်ယန်နဲ့ ဂျုဗင်တပ်စ်တို့လို အသင်းကြီးတွေမှာ ကစားခဲ့တာ။”

Photo Credit : SPORTbible

“ဒီလို အသင်းမျိုးတွေက သူတို့အသင်းအတွက် အကောင်းဆုံး ဖြစ်နေတဲ့ ကစားသမားမျိုးဆိုရင် အသင်းကနေ မရောင်းထုတ်ချင်ကြဘူး။ အသင်းမှာပဲ ဆက်ထိန်းထားချင်ကြမှာ။ အခုကတော့ ဒီ(၂)သင်းလုံးက သူ့ကို ရောင်းထုတ်ခဲ့တာဆိုတော့ ဒီကနေ သူ့အကြောင်းကို ပြောပြနေသလိုပဲ။ လူငယ် ကစားသမားဘဝတုန်းက ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ပေမယ့် အဲ့ဒီကနေ မတိုးတက်လာတော့သလို ဖြစ်နေတယ်။ ဒါကြောင့် သူက အခု ယူနိုက်တက် လိုအပ်နေတဲ့ ကစားသမား ဖြစ်မလားဆိုတာ မသေချာဘူးလို့ပဲ ပြောရပါမယ်။”

“ယူနိုက်တက်က ဗဟိုခံစစ်မှူးတစ်ဦးကတော့ မဖြစ်မနေကို လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (၃၆)နှစ်တောင် ရှိနေတဲ့ ဂျွန်နီ အီဗန်စ်က ပွဲအများကြီး ကစားနေရတာ မဟုတ်သေးဘူး။ ဒါပေမယ့် ဒီလို လိုအပ်နေတာကို ဒီလစ်က ဖြည့်တင်းနိုင်ပါ့မလား။ ကျွန်တော်ကတော့ သူ့ကို သိပ်ပြီး လွှမ်းမိုးမှု မရှိတဲ့ ဗဟိုခံစစ်မှူးလို့ပဲ မြင်မိပါတယ်။ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေလည်း တန်းစီပြီး ရှိမနေလောက်ဘူးလို့ ထင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။