ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်အတွင်းမှာ ဆော်ဒီကလပ်အသင်းတွေရဲ့ ဈေးကွက်ထဲ လှုပ်ရှားမှုတွေက အတော်လေး အားကောင်းခဲ့ပေမယ့် အခုဈေးကွက်မှာတော့ ထိပ်တန်း အပြောင်းအရွှေ့တွေ သိပ်မလုပ်ဆောင်နိုင်ခဲ့ပဲ ဖြစ်နေရပါတယ်။ ဒါကလည်း သူတို့ လိုချင်နေတဲ့ ကစားသမား အများစုက ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့အတွက် အသီးသီး ငြင်းဆန်ထားကြလို့ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုလို GOAT ကြီး တစ်ဦးကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း နေမာ၊ ဘန်ဇီမာ ၊ မာနေး ၊ မာရက်ဇ် ၊ ဘရိုနိုဗစ် ၊ ဖာမီနို ၊ ကန်တေ ၊ ဖာဘင်ဟို အစရှိတဲ့ ထိပ်တန်းကစားသမားတွေကိုပါ ခေါ်ယူနိုင်ခဲ့တဲ့ ဆော်ဒီလိဂ်ဟာ ဆာလာ ၊ ဒီဘရိုင်း ၊ ဆွန်ဟောင်မင် ၊ ဖာနန်ဒက်စ်နဲ့ အခု ဗင်နီစီယပ်စ်အထိပါ ချိန်ရွယ်လာပါတယ်။

Photo Credit : Marca

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆော်ဒီလိဂ်က ထိပ်တန်း ကလပ်အသင်းကြီးတွေကို ပိုင်ဆိုင်ထားတဲ့ Public Investment Fund ကနေ အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အတွက် အခု ရီးယဲလ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် (၁၃)ဆလောက်အထိ မြင့်မားတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါတွေတင်မကသေးပဲနဲ့ ဗင်နီစီယပ်စ်အနေနဲ့ ဆော်ဒီလိဂ် ကလပ်အသင်း တစ်ခုခုဆီ ပြောင်းရွှေ့လာပြီး ၂၀၂၉ခုနှစ် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဥရောပ အသင်းတွေဆီ ပြန်သွားခွင့် ၊ ဆော်ဒီမှာ ကျင်းပမယ့် ၂၀၃၄ ကမ္ဘာ့ဖလားမှာ သံတမန်အဖြစ် ဆောင်ရွှက်ခွင့်နဲ့ ဘောလုံးသမားဘဝကနေ အနားယူသွားရင်လည်း ဆော်ဒီဘောလုံးနယ်ပယ်မှာ စိတ်ကြိုက်ရာထူးတစ်ခုကို ရယူနိုင်ခွင့်တွေနဲ့ပါ ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit : Eurosport

ဒီကမ်းလှမ်းချက်က တရားဝင် ကမ်းလှမ်းတာမျိုး မဟုတ်ပေမယ့် နှုတ်အားနဲ့တော့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကမ်းလှမ်းချက်ကိုတော့ ဗင်နီစီယပ်စ်ကိုယ်တိုင်ကရော ရီးယဲလ်မက်ဒရစ်အသင်းကပါ အသီးသီး ငြင်းဆန် ပယ်ချမှုတွေ လုပ်ဆောင်သွားခဲ့ကြပါတယ်။

ရီးယဲလ်နဲ့ ဗင်နီစီယပ်စ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကမှ စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်ပြီး ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်းက ရှိနေသေးသလို ဗင်နီစီယပ်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးဟာလည်း ယူရို တစ်ဘီလီယံအထိတောင် ရှိနေပါတယ်။ ရီးယဲလ် ဒီနွေမှာ ဘာပေ အန်းဒရစ်တို့ကို ခေါ်ယူထားပေမယ့်လည်း ဗင်နီစီယပ်စ် ရိုဒရီဂိုတို့လို ကစားသမားတွေကိုလည်း အသင်းမှာပဲ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းသွားမှာပဲ ဖြစ်ပါတယ်။