ဘာစီလိုနာအသင်းကတော့ ဒီနွေဈေးကွက်အတွင်းမှာပဲ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖရန့်ကီ ဒီဂျောင်ကို အသင်းကနေ ရောင်းချသွားဖို့ ရှိလာနိုင်ပြီး ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးကိုတော့ ယူရို သန်း(၆၀) + အပိုဆုကြေး package နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားနိုင်ဖွယ် ရှိနေပါတယ်။
အသက် (၂၇)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ အေဂျက်စ်ကနေ ဘာစီလိုနာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက ဒီဂျောင်က ဘာစီလိုနာရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။
Photo Credit : France 24
ဒီဂျောင်က ဘာစီလိုနာအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေသည့်တိုင် ဒဏ်ရာပြသာနာတွေက မကြာခဏ ရရှိနေတက်ပြီး ဒီဘောလုံးရာသီမှာလည်း အဓိက ခြေချင်းဝတ်ဒဏ်ရာကြောင့် ရက်ပေါင်း (၂၀၀)နီးပါးလောက် အနားယူခဲ့ရသလို အခုထိလည်း ဆက်လက် အနားယူနေရဆဲ ဖြစ်နေရပါတယ်။
ဒီလို အချိန်မှာ ဘာစီလိုနာ ကွင်းလယ်ပိုင်းအတွက် လာမာစီယာ အကယ်ဒမီထွက် ဖာမင်း လိုပက်ဇ်တို့လို ကစားသမားတွေပါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလာနိုင်ခဲ့သလို အသင်းကလည်း အကယ်ဒမီ ကစားသမားဟောင်းဖြစ်တဲ့ ဒါနီ အော်လ်မိုကိုပါ ပြန်လည် ခေါ်ယူထားတာကြောင့် ဒီဂျောင်ရဲ့ အနာဂတ်က ပိုဝေဝါးလာခဲ့ပါတယ်။
Photo Credit : TEAMtalk
ဒီအခြေအနေမှာ ဘာစီလိုနာက ဒီဂျောင်ကို အသင်းမှာ ဆက်လက် ထားရှိသွားဖို့ထက် ရောင်းချသွားဖို့ကိုသာ စဉ်းစားလာခဲ့ပြီး ဒီဂျောင်အတွက် အနည်းဆုံး ယူရို သန်း(၆၀)လောက်အထိတော့ တန်ကြေးသတ်မှတ်ထားတယ်လို့ The Relevo ကနေ ဖော်ပြလာခဲ့ပါတယ်။
ဒီလို အနာဂတ် အခြေအနေ ပြန်လှုပ်ခတ်လာခဲ့တဲ့ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက တဖန် ပြန်စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်ကလည်း ဒီနွေမှာ ကွင်းလယ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ဒီဂျောင်ကိုလည်း အသင်းရဲ့ shortlist ထဲ ထပ်မံ ထည့်သွင်းလာပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှ ဒဏ်ရာ သက်သာလာနိုင်မလဲ ဆိုတာတောင် မသိရသေးတဲ့ ဒီဂျောင်ကို ခေါ်ယူဖို့ကတော့ ဖြစ်နိုင်ခြေ နည်းနိုင်ပါတယ်။