ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှု မရှိသေးတဲ့ လီဗာပူးလ်အသင်းဟာ အခုတော့ အသင်းမှာ လိုအပ်နေတဲ့ ကွင်းလယ်နေရာပိုင်းအတွက် ဆိုစီဒက်က စပိန် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို ခေါ်ယူသွားဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
လီဗာပူးလ်က ဒီဈေးကွက်အတွင်းမှာ နောက်ခံလူ ဂျိုရယ်လ် မာတစ် ၊ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာနဲ့ ဂိုးသမား အက်ဒရီယန်တို့နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာခွင့်ပြုထားလိုက်ရပြီး လက်ရှိအချိန်ထိတော့ ကစားသမား ခေါ်ယူဖြည့်တင်းမှုက လုံးဝ မရှိသေးပဲ ဖြစ်နေပါတယ်။
Photo Credit : SPORT
လီဗာပူးလ်က နည်းပြသစ် အာနယ် ဆလော့နဲ့အတူ လတ်တလော ရာသီကြို ခြေစမ်းပွဲတွေမှာ အသင်းကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်ပြီး အသင်းက စီနီယာ ကစားသမားတွေရော လူငယ် ကစားသမားတွေပါ ဆလော့ရဲ့ ကစားဟန်မှာလည်း အကုန်လုံးနီးပါးလောက် အံ့ဝင်အောင် ကစားနိုင်သလို တချို့ကစားသမားတွေဆိုရင် ဆလော့ လက်အောက်မှာ ပိုပြီးတောင် တောက်ပလာနိုင်ဖွယ် ရှိနေပါတယ်။
ဒါပေမယ့်လည်း လီဗာပူးလ်က ကွင်းလယ် နံပါတ်(၆)နေရာအတွက် ကစားသမားကောင်းတစ်ဦး လိုအပ်နေသေးပြီး အဲ့ဒီနေရာအတွက် အက်ဒရီယန် ရာဘီအော့နဲ့ သတင်းထွက်ခဲ့ပေမယ့် အခုတော့ လီဗာပူးလ် ပရိသတ်တွေအားလုံး လိုချင်နေမယ့် ကစားသမားဖြစ်သူ ဇူဘီမန်ဒီနဲ့ သတင်းတွေ ထွက်လာခဲ့ရပါတယ်။
Photo Credit : Opta Analyst
အသက် (၂၅)နှစ်သာ ရှိနေသေးတဲ့ ကွင်းလယ်လူ ဇူဘီမန်ဒီဟာ ဆိုစီဒက်နဲ့ စပိန်အသင်းတို့ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ် ၊ ဘာစီလိုနာ ၊ မန်ယူနိုက်တက်အသင်းတွေ တအား လိုချင်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အရည်အသွေးမြင့် ကွင်းလယ်လူဖြစ်တဲ့ ဇူဘီမန်ဒီကို ဆိုစီဒက်ဘက်က စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို သန်း(၆၀)အထိ တန်ကြေး သတ်မှတ်လို့လည်းထားပါတယ်။
အခုတော့ ဒီကစားသမားကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းက စတင် စုံစမ်း ဆက်သွယ်မှုတွေ လုပ်ဆောင်လာတယ်လို့ ဖာဘရီဇီယို ရိုမာနိုနဲ့ ဒေးဗစ် အွန်စတိန်းတို့လို နာမည်ကြီး ဘောလုံးသတင်းထောက်တွေက သတင်းဖော်ပြထားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ဇူဘီမန်ဒီနဲ့ရော ဇူဘီမန်ဒီရဲ့ကလပ်အသင်း ဆိုစီဒက်နဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။