အသက်လက်တီကို မက်ဒရစ်အသင်းကတော့ မန်ချက်စတာ စီးတီး ကြယ်ပွင့် တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူသွားဖို့အတွက် ပိုမို နီးစပ်လာခဲ့ပြီး အဲလ်ဗာရက်ဇ်အတွက်လည်း ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းကျော်နဲ့ ကမ်းလှမ်းထားတယ်လို့ ရိုမာနိုက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
အသက်လက်တီကိုက မိုရာတာ ဒီပိုင်းတို့ကို အသင်းကနေ ထွက်ခွာခွင့် မပေးခင်ကတည်းက မန်စီးတီး တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ကို မျက်စိကျနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲလ်ဗာရက်ဇ် ကိုယ်တိုင်ကပါ စီးတီးကနေ ထွက်ခွာသွားဖို့ အခြေအနေများလာခဲ့တာကြောင့် ကမ်းလှမ်းမှုတွေပါ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Transfermarket
လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ ရေးဗားပလိတ်ကနေ မန်စီးတီးဆီ ရောက်လာခဲ့တဲ့ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၀)ကျော်အထိ ကစားခဲ့ရပေမယ့်လည်း ပွဲကြီးတွေ တချို့မှာတော့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရတဲ့အပေါ် စိတ်ပျက်လာခဲ့ပြီး သူ့အနာဂတ်အတွက်ပါ စဉ်းစားစရာ ဖြစ်လာတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
အဲလ်ဗာရက်ဇ်ရဲ့ အခုလို ပြောဆိုလာမှုကို မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း သဘောမတွေ့တာကြောင့် အဲလ်ဗာရက်ဇ်သာ အသင်းမှာ မပျော်တော့ရင် အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်လာခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို မြင့်မားတဲ့ တန်ကြေးတစ်ရပ် သတ်မှတ်ထားခဲ့ပါတယ်။
Photo Credit : Youtube
ဒီလို အခြေအနေမျိုး ရှိလာခဲ့တဲ့ အဲလ်ဗာရက်ဇ်ကို အသက်လက်တီကို အာဆင်နယ် ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားမှုတွေ ပြသလာခဲ့ရင်း အသက်လက်တီကိုဘက်က အဲလ်ဗာရက်ဇ်ကို အခြားအသင်းတွေထက် လက်ဦးမှု ရရှိလာဖို့အတွက် ကြိုးပမ်းမှုတွေ အလျင်အမြန် လုပ်ဆောင်လာခဲ့ပြီး အခုဆိုရင် ခေါ်ယူနိုင်ဖို့လည်း နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက်လက်တီကိုက အဲလ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းကျော်နဲ့ ကမ်းလှမ်းထားမှုက မန်စီးတီး သတ်မှတ်ထားတဲ့ တန်ကြေးထက် အနည်းငယ် လျှော့နည်းနေတယ် ဆိုပေမယ့်လည်း မန်စီးတီးတို့ အဲလ်ဗာရက်ဇ်ကို ခေါ်ယူခဲ့စဉ်ကထက် (၃)ဆလောက်ထိ မြင့်မားနေတာကြောင့် လက်ခံသွားဖွယ်လည်း ရှိနေပါတယ်။