ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ကိုလံဘီယာအသင်းကို ဖိုင်နယ်အဆင့်ထိ အကောင်းဆုံး ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကိုပါသမိုင်းတစ်လျှောက် ဘယ်ကစားသမားမှ မလုပ်ဆောင်ဖူးသေးတဲ့ ဂိုးဖန်တီးမှု စံချိန်သစ်ကိုပါ ရေးထိုးနိုင်ခဲ့တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ဥရောပ ကလပ်အသင်းတွေက ဥရောပ ဘောလုံးရပ်ဝန်းဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားလာကြပါတယ်။
အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ပေါ်တို ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေနဲ့ ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းခဲ့သူ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ပါဝင်နေရပြီး ဥရောပ ဘောလုံးနယ်ပယ်နဲ့လည်း အလှမ်းဝေးနေရပါတယ်။
Photo Credit : RCN Radio
ဒါပေမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ ပြန်လည် တောက်ပပြခဲ့တဲ့ သူ့ကို ဥရောပ ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့သလို ဂျိမ်းစ်ကိုယ်တိုင်ကလည်း ဆော်ပေါ်လိုကနေ ထွက်ခွာပြီး ဥရောပ အသင်းတစ်ခုခုဆီ ပြန်လည် ပြောင်းရွှေ့ချင်နေပါတယ်။ လတ်တလောမှာလည်း ဂျိမ်းစ်ဟာ လာလီဂါ ကလပ်အသင်းများစွာနဲ့ သတင်းတွေ ထွက်နေပါတယ်။
ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ စီးရီးအေကလပ် လာဇီယိုပါ ပါဝင်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့အပေါ် လာဇီယိုရဲ့ အားကစား ဒါရိုက်တာဖြစ်သူ ဖာဘီယာနီက “ကျွန်တော်တို့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ဘယ်တုန်းကမှ ခေါ်ယူဖို့ မကြိုးစားပါဘူး။ ဒါက မဖြစ်နိုင်ဘူး။ ထွက်ပေါ်နေတဲ့ ကောလဟာလသတင်းတွေက အတုတွေပါပဲ။”
Photo Credit : Fichajes
“သူက အခုဆို (၃၃)နှစ် ရှိနေပါပြီ။ မကြာသေးမီ နှစ်တွေအတွင်းကဆိုရင်လည်း သူက (၁၂)ပွဲ (၁၃)ပွဲထက်ကို ပိုကစားဖူးပါဘူး။ သူ ကိုပါအမေရိကပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းတောင် မရှိပါဘူး။” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
လာဇီယိုဘက်က စိတ်မဝင်စားတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို လာလီဂါ ကလပ်အသင်းတွေကတော့ စိတ်ဝင်စားလျက် ရှိနေကြပြီး တကယ်လို့ ဂျိမ်းစ်သာ ဆော်ပေါ်လိုနဲ့ လမ်းခွဲမယ်ဆိုရင် သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းကြဖို့ ရှိနေပြီး ဂျိမ်းစ်ကိုယ်တိုင်ကလည်း ဥရောပမှာ ပြန်လည် ကျင်လည်ချင်နေတာကြောင့် လုပ်ခလစာကိုပါ လျှော့ယူပေးသွားဖို့လည်း ရှိနေပါတယ်။