ဘာစီလိုနာအသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ ပေါ်တူဂီ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုကို အသင်းထံ အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း ကန်ဆယ်လိုအတွက် မန်စီးတီးအသင်းဘက်က သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း ကမ်းလှမ်းသွားဖို့ကတော့ ခက်ခဲလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တူဂီ ကစားသမားတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ဂျာအို ဖီးလစ်တို့ကို မန်စီးတီးနဲ့ အသက်လက်တီကို မက်ဒရစ်အသင်းတွေဆီကနေ အငှားစာချုပ်တွေနဲ့ ခေါ်ယူခဲ့ပေမယ့် ဒီကစားသမား (၂)ဦးလုံးကို အပြီးသတ် ခေါ်ယူဖို့ကတော့ အသင်းဘဏ္ဍာရေး အခြေအနေတွေကြောင့် ခက်ခဲနေရပါတယ်။

Photo Credit : FC Barcelona

လက်ရှိမှာလည်း ဘာစီလိုနာက ဘီလ်ဘာအိုအသင်းရဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမားလေး နီကို ဝီလီယံစ်နဲ့ လိုက်ပ်ဇစ်အသင်းက စပိန် ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီ အော်လ်မိုတို့ကို ခေါ်ယူသွားဖို့ ဦးစားပေး လုပ်ဆောင်နေတာမို့ ကန်ဆယ်လိုနဲ့ ဂျာအို ဖီးလစ်တို့အတွက် ကြိုးပမ်းမှုက လျော့နည်းလာရနိုင်ပါတယ်။

ကစားသမား (၂)ဦးလုံးကတော့ ဘာစီလိုနာအသင်းနဲ့ ဆက်လက် လက်တွဲသွားချင်နေပေမယ့် ကန်ဆယ်လိုအတွက် မန်စီးတီးအသင်းဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)အထိ သတ်မှတ်ထားသလို နောက်တစ်ရာသီ ထပ်မံ အငှားချပေးဖို့ကိုလည်း ငြင်းဆန်ထားခဲ့ပါတယ်။

Photo Credit : Eurosport

ဘာစီလိုနာအနေနဲ့ နီကို ဝီလီယံစ်နဲ့ အော်လ်မိုတို့အတွက် အသုံးစရိတ်ကို အနိမ့်ဆုံး ယူရို သန်း(၁၀၀)လောက်အထိ အသုံးပြုသွားရဖို့ ရှိနေပြီး လက်ရှိမှာလည်း ကစားသမား (၃)ဦး ရောင်းချထားမှုကနေ ယူရို (၁၈)သန်းလေးသာ ဝင်ငွေရရှိထားတာဖြစ်လို့ အသင်းကနေ ထိပ်တန်း ကစားသမားတစ်ဦးခန့်လောက်အထိ ရောင်းချရနိုင်သလို ကန်ဆယ်လိုနဲ့ ဖီးလစ်တို့ကို ခေါ်ယူဖို့ကိုလည်း လက်လျှော့ရနိုင်ပါတယ်။

ကန်ဆယ်လိုအနေနဲ့ ဘာစီလိုနာအသင်းဆီ မပြောင်းရွှေ့ရရင်တောင် မန်စီးတီးနဲ့ ပြန်လည် ပူးပေါင်းတော့မှာ မဟုတ်သလို မန်စီးတီးကလည်း ကန်ဆယ်လိုကို အသင်းကနေ အပြီးသတ်သာ ရောင်းချချင်နေတာကြောင့် ဒီနွေမှာ ကန်ဆယ်လိုနဲ့ မန်စီးတီးတို့ သေချာပေါက်ကို လက်တွဲဖြုတ်ရနိုင်ပြီး လက်ရှိမှာတော့ အင်တာနဲ့ ဂျုဗင်တပ်စ်တို့က ကန်ဆယ်လို အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။