နာပိုလီ တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပြီး ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ရင်းနဲ့ အပြောင်းအရွှေ့က မျှော်လင့်ထားသလို ဖြစ်မလာခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ဘီလ်ဘာအိုအသင်းရဲ့ စပိန်ကြယ်ပွင့် ကစားသမားလေး နီကို ဝီလီယံစ်ကိုပါ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။

ကီလီယန် အမ်ဘာပေလို အသင်းအတွက် အလွန်အရေးပါတဲ့ စူပါစတားတစ်ဦးကို အလွတ်နဲ့ လက်လွတ်ဆုံးရှုံးထားခဲ့ရတဲ့ ပီအက်စ်ဂျီဟာ တိုက်စစ်ပိုင်းကို ပြန်လည် အင်အားဖြည့်တင်းဖို့အတွက် အိုဆီမန်လို အရည်အသွေးမြင့် ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦးကို အလိုရှိခဲ့ပေမယ့် ခေါ်ယူဖို့က နာပိုလီနဲ့ အဆင်မပြေ ဖြစ်ခဲ့ရတာကြောင့် လက်လျှော့လိုက်ရပါတယ်။

Photo Credit : Barca Blaugranes

လက်ရှိ ပီအက်စ်ဂျီရဲ့ တိုက်စစ်ပိုင်းမှာ ဂွန်ကာလို ရာမို့စ် ၊ ကိုလို မူအာနီ ၊ အူစမန် ဒမ်ဘီလီ ၊ ဘာကိုလာ ၊ မားကို့ အဆန်စီယို ၊ လီကန်အင်တို့ ရှိနေပေမယ့်လည်း တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့်ကို ခေါ်ယူသွားချင်နေတဲ့အတွက် ပီအက်စ်ဂျီဟာ ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းရဲ့ ကစားသမား နီကို ဝီလီယံစ်ကို မျက်စိကျလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ ဘီလ်ဘာအို အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကမှ ဘီလ်ဘာအို စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်း အခုဆိုရင် ဘီလ်ဘာအိုအတွက်သာမကပဲ စပိန်လက်ရွေးစင်အတွက်ပါ အရေးပါတဲ့ ကစားသမားလည်း ဖြစ်နေရပါတယ်။

Photo Credit : Goal

နီကို ဝီလီယံစ်က ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာလည်း လာမင်း ယာမဲလ်နဲ့ တွဲဖက်ပြီး စပိန် ဘယ်တောင်ပံမှာ ခြေစွမ်းပြသနိုင်ခဲ့သလို အင်္ဂလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာလည်း စပိန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဝီလီယံစ်ကို ဘာစီလိုနာ အာဆင်နယ် လီဗာပူးလ်တို့အပြင် အခု ပီအက်စ်ဂျီကပါ စိတ်ဝင်စားလာပါတယ်။

စာချုပ်ဖျက်သိမ်းကြေး ယူရို (၅၈)သန်းအထိ ရှိနေတဲ့ နီကို ဝီလီယံစ်ဟာ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေပေမယ့် ဘာစီလိုနာဘက်က ဝီလီယံစ်ကို အမှန်အကန် ခေါ်ယူနိုင်ဖို့ မသေချာသေးတဲ့အတွက် ဒီအခြေအနေမှာ ပီအက်စ်ဂျီဘက်ကနေ ဝီလီယံစ်အတွက် မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။