ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တငး်သွားဖို့အတွက် ပြင်သစ် ဝါရင့် ကွင်းလယ်ကစားသမားကြီး အန်ဂိုလို ကန်တေကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက နည်းပြသစ် ဟန်ဆီ ဖလစ်ခ်လက်ထက်မှာ အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်သွားဖို့ ရှိနေပြီး လက်ရှိမှာလည်း စပိန်အသင်းနဲ့အတူ ယူရို-၂၀၂၄ မှာ ခြေစွမ်းပြသခဲ့တဲ့ နီကို ဝီလီယံစ် ၊ ဒန်နီ အော်လ်မိုတို့ကို ခေါ်ယူသွားဖို့ပါ စီစဉ်လျက် ရှိနေသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ကန်တေကို စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : talkSPORT

အသက် (၃၃)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ကန်တေဟာ ပြီးခဲ့တဲ့နွေကမှ ချယ်လ်ဆီးကနေ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ပြင်သစ်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကန်တေကို ပြန်လည် ရွေးချယ်ခဲ့သလို ကန်တေကလည်း ယူရို-၂၀၂၄မှာ ပြင်သစ်အတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ပြင်သစ်ရဲ့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး မောင်းနှင်နိုင်ခဲ့တဲ့ ကန်တေကို ဝက်စ်ဟမ်းအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားလာခဲ့သလို ကမ်းလှမ်းမှုတစ်ရပ်ပါ လုပ်ဆောင်ခဲ့သေးပေမယ့် အယ်လ်အစ်တီဟတ်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။

Photo Credit : West Ham Zone

ဝက်စ်ဟမ်းဘက်ကတော့ ချယ်လ်ဆီး ကစားသမားဟောင်း ကန်တေကို ခေါ်ယူဖို့ လက်မလျှော့သေးသလို ဘာစီလိုနာအသင်းကပါ ကန်တေကို အယ်လ်အစ်တီဟတ်ကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။ ဘာစီလိုနာဟာ ကန်တေ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာကတည်းက အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါသေးတယ်။

ဒီလို စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် အယ်လ်အစ်တီဟတ်ဘက်ကတော့ ကန်တေကို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာကြောင့် ရောင်းချသွားခြင်း ဒါမှမဟုတ် အငှားချသွားခြင်းတွေ လလုပ်ဆောင်မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ရှိနေပါတယ်။