ဝက်စ်ဟမ်း ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ ချယ်လ်ဆီးကစားသမားဟောင်းကြီး ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ ပရီးမ်ီးယားလိဂ်ပြိုင်ပွဲကြီးဆီကို ပြန်သွားဖို့အတွက် ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကမှ ချယ်လ်ဆီးကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့တဲ့ ကွင်းလယ်လူ ကန်တေဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီမှာ ပြန်လည် ကစားရဖို့ အကြောင်းဖန်လာခဲ့ရပြီပဲ ဖြစ်ပါတယ်။
Photo Credit : Get French Football News
ဆော်ဒီမှာ တစ်ရာသီသာ ကျင်လည်ခဲ့ရပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂၄ပြိုင်ပွဲထဲ ပြင်သစ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကန်တေကို လက်ရှိမှာ ဝက်စ်ဟမ်းအသင်းက ပေါင် သန်း(၂၀)နဲ့ ခေါ်ယူသွားဖို့ အတော်လေး စ်ိတ်ဝင်စားလျက် ရှိလို့နေပြီး ကန်တေကိုလည်း အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်ထားလို့နေပါတယ်။
ဒါပေမယ့် ဆော်ဒီထိပ်သီးကလပ် အယ်လ်အစ်တီဟတ်က ပြင်သစ်ကစားသမားဟောင်းကြီး လော်ရန် ဘလန့်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားသလို အသင်းကိုလည်း ဆော်ဒီပရိုလိဂ်မှာ အမှတ်ပေး ချန်ပီယံဆုအတွက် အသေအချာ စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်း ဖြစ်လာအောင် လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတွက် ကန်တေလို ကစားသမားမျိုးကိုလည်း အသင်းမှာသာ ဆက်ထိန်းသွားချင်မှာ သေချာနေပါတယ်။
Photo Credit : Goal
ဒါပေမယ့် ပရီးမီးယားလိဂ်မှာ နှစ်အတန်ကြာ ကျင်လည်ခဲ့တဲ့ ကန်တေကတော့ အခုလို ပရီးမီးယားလိဂ် အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ပြန်လည် ရရှိလာချိန်မှာ ဆော်ဒီလိဂ်ကနေ ပရီးမီးယားလိဂ်ဆီ ပြန်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ဝက်စ်ဟမ်းကလည်း ကန်တေလို ကွင်းလယ်ခံစစ် ကစားသမားကြီးကို အတော်လေး အလိုရှိနေပါတယ်။
နည်းပြသစ် လိုပက်တယ်ဂီ လက်ထက်မှာ ဝက်စ်ဟမ်းက ကစားသမားသစ် (၃)ဦးအထိ ခေါ်ယူဖြည့်တင်းထားခဲ့ပေမယ့်လည်း လိုပက်တယ်ဂီကိုယ်တိုင် ရီးယဲလ်နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက ရီးယဲလ်ဆီ ခေါ်ယူချင်ခဲ့တဲ့ ကန်တေကို အခု ဝက်စ်ဟမ်းကို ကိုင်တွယ်ရချိန်မှာလည်း ကန်တေကို ထပ်မံ အလိုရှိလာခဲ့ပြီး ကစားသမားနဲ့ရော ကလပ်အသင်းနဲ့ပါ ဆွေးနွေးမှုတွေ အသေအချာ လုပ်ဆောင်လို့နေပါတယ်။