အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ခံစစ်ကစားသမား အမာဒူ အိုနာနာဟာ အခု နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ အက်စတွန် ဗီလာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အလွန် နီးစပ်လျက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

ဗီလာအသင်းဟာ ဘရာဇီးလ် ကွင်းလယ်ခံစစ်ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ဂျုဗင်တပ်စ်အသင်းဆီ ရောင်းချထားခဲ့ရတာကြောင့် လူးဝစ်ဇ်နေရာမှာ အစားထိုးဖို့အတွက် အဲဗာတန် ကွင်းလယ်လူ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ အိုနာနာဟာ ၂၀၂၂ခုနှစ်ကမှ လိုင်လီကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ စတင် ခြေချခဲ့ချိန်မှာပဲ ကလပ်အသင်းကြီးတွေ စိတ်ဝင်စားလာရတဲ့အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယူရို-၂၀၂၄ပြိုင်ပွဲတွေကို ပါဝင် ဆင်နွဲခွင့် ရရှိခဲ့တဲ့ အိုနာနာဟာ အဲဗာတန်ရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်နေတဲ့အပြင် ဘာစီလိုနာ ယူနိုက်တက် ချယ်လ်ဆီး အာဆင်နယ်တို့လို ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit : The New York Times

အခုတော့ အိုနာနာဟာ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ကို စိတ်အားထက်သန်လာခဲ့ပြီး ဗီလာအသင်းရဲ့ ပရောဂျက်တွေကို သဘောကျနေတဲ့အပြင် လာမယ့် ဘောလုံးရာသီမှာ ဗီလာနဲ့အတူ ချန်ပီယံလိဂ်ပြ်ိုင်ပွဲကို ပါဝင် ကစားရဖို့ပါ ဆန္ဒရှိနေပါတယ်။

လက်ရှိ ဗီလာနဲ့ အဲဗာတန်အသင်းတို့ကြားမှာတော့ အိုနာနာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးနေဆဲ ဖြစ်သလို ဗီလာကလည်း အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပါတယ်။ အဲဗာတန်ကလည်း အသင်းရဲ့ ဘဏ္ဍာရေး ပြသာနာတွေကြောင့် အိုနာနာ ဘရန့်ဝိတ်တို့လို ကစားသမားတွေကို ဒီနွေမှာ ရောင်းထုတ်ရနိုင်ပြီး တကယ်လို့ အိုနာနာကိုသာ ရောင်းထုတ်ဖြစ်မယ်ဆိုရင်တော့ မန်ယူနိုက်တက် ပစ်မှတ် ဘရန့်ဝိတ်ကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖွယ် ရှိနေပါတယ်။