ဒီနေ့ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ စတင် ယှဉ်ပြိုင်စေမယ့် နေ့ရက်ဖြစ်ပြီးတော့ ပထမပွဲစဉ်အဖြစ် စပိန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာပဲ ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့က ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းရဲ့ စူပါစတား ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြင်သစ်အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေတို့ အားပြိုင်မှုတွေကို မြင်တွေ့သွားရတော့မှာဖြစ်ပြီး ဘယ်ကစားသမားရဲ့ အသင်းက ဆီမီးဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားရမလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

Photo Credit : Sporting News

ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို ဘာပေကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေမှာ သေချာနေပြီး သူ ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ ရော်နယ်လ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်ရမှာက ဘာပေအတွက် ဂုဏ်ယူစရာ တစ်ခုလို ဖြစ်နေမယ့်အပြင် ယူရိုပြိုင်ပွဲ မတိုင်ခင်ကလည်း ရော်နယ်လ်ဒိုရဲ့ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ထားတာကြောင့်လည်း အခုတစ်ကြိမ် ရော်နယ်လ်ဒိုနဲ့ ဆုံတွေ့ရမှာဟာ ဘာပေအတွက်တော့ အလွန် အဓိပ္ပာယ် ရှိနေပါလိမ့်မယ်။

“အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်တော် သူနဲ့ အကြိမ်ပေါင်းများစွာ ရင်းနှီးခွင့် ရလာခဲ့ပြီးတော့ သူနဲ့ စကားပြောခွင့်တွေလည်း ရလာခဲ့တယ်။ ကျွန်တော်တို့က အဆက်အသွယ်တွေ ရှိနေတုန်းပါပဲ။ သူက ကျွန်တော့်ကို အကြံညဏ်တွေပေးဖို့ အမြဲတမ်း ကြိုးစားတက်ပြီး ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း လုပ်ဆောင်နေပါတယ်။”

Photo Credit : ESPN

“သူနဲ့ ယှဉ်ပြိုင်ကစားရမှာကလည်း ကျွန်တော့်အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးကစားမှာ သူလုပ်ဆောင်ထားခဲ့သမျှ အရာတွေကြောင့်ပါပဲ။ ရော်နယ်လ်ဒိုုဆိုတာကလည်း တစ်ဦးတည်းသာ ရှိမှာပါ။ ကျွန်တော်ရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ကစားသမား ဖြစ်လာရေးကို အသက်သွင်းလိုက်နိုင်တာကပဲ ကျွန်တော့်အတွက် ကံကောင်းနေပါပြီ။”

“ရီးယဲလ်မှာလည်း အလွန်ကောင်းမွန်တဲ့ ဖြတ်သန်းမှုတစ်ခုကို ကျွန်တော် ဖန်တီးသွားချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ပိုင် ဖြတ်သန်းမှုကိုသာ ဖန်တီးမှာဖြစ်ပြီးတော့ ရော်နယ်လ်ဒိုရဲ့ ဖြတ်သန်းမှုအတိုင်း လိုက်တုပလို့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ သူ ရီးယဲလ်မှာ လုပ်ဆောင်ခဲ့တာတွေက လုံးဝကို ပြိုင်ဘက်ကင်းတဲ့ ဖြတ်သန်းမှုကောင်းတွေ ဖြစ်ခဲ့တာကြောင့်ပါ။” လို့ ဘာပေက ပြောဆိုသွားခဲ့ပါတယ်။