ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ free agent player ဖြစ်သွားခဲ့ရတဲ့ ဂျာမနီ ဝါရင့် နောက်ခံကစားသမားကြီး မတ်စ် ဟမ်းမဲလ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာ ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းပါ ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ခံစစ်မှူးကြီး ဟမ်းမဲလ်စ်ဟာ ဘိုင်ယန်မြူးနစ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီးတော့ ကစားသမားဘဝတစ်လျှောက် ဘိုင်ယန်နဲ့ ဒေါ့မွန်အသင်းတွေဆီမှာ တစ်လှည့်စီ ပါဝင်ကစားဖြစ်ခဲ့ပြီး ဒေါ့မွန်အတွက်ကိုတော့ ပွဲအရေအတွက် ပိုမို ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ခံစစ်မှူးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ ဟမ်းမဲလ်စ်ဟာ အသင်းနှစ်သင်းလုံး ဂျာမနီ ပြည်တွင်းဖလားတွေအားလုံး သိမ်းပိုက်နိုင်ခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း ဂျာမနီအသင်းနဲ့အတူ ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။ လက်ရှိမှာ အသက် (၃၅)နှစ်အရွယ် ရှိနေပြီ ဆိုပေမယ့်လည်း ဒေါ့မွန်ခံစစ်အတွက် အကောင်းဆုံး ကစားပေးနိုင်သေးပါတယ်။

ဒါပေမယ့် ဟမ်းမဲလ်စ်ကိုယ်တိုင်ကတော့ ဒေါ့မွန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိတော့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာလာခဲ့ပြီး ကစားသမားဘဝရဲ့ တတိယမြောက် ကလပ်အသင်းသစ်ဆီ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လက်ရှိမှာတော့ ဟမ်းမဲလ်စ်လို အတွေ့အကြုံရင့် ခံစစ်မှူးမျိုးကို ကလပ်အသင်းတိုင်းက မျက်စိကျနေကြပါတယ်။

Photo Credit : Goal

ဟမ်းမဲလ်စ်ကို ဆော်ဒီကလပ်တွေ အမေရိကန် မေဂျာလိဂ် ကလပ်အသင်းတွေအပြင် ရိုးမား စတုဂတ်တို့လို ဥရောပ ကလပ်အသင်းတွေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက အံ့အားသင့်ဖွယ် ခြေစွမ်းတွေ ရလဒ်တွေနဲ့ အကောင်းဆုံး စွမ်းဆောင်ပြခဲ့တဲ့ လေဗာကူဆင်အသင်းကပါ စိတ်ဝင်တစား ရှိလာခဲ့ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကိုပါ ပြန်လည် ဆင်နွဲရတော့မှာဖြစ်လို့ ချန်ပီယံလိဂ် အတွေ့အကြုံကောင်းတွေ ပြည့်ဝနေပြီး မနှစ်ကပဲ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းထားနိုင်ခဲ့တဲ့ ဟမ်းမဲလ်စ်ကို အသင်းထံ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက ခံစစ်ကစားသမား ဂျိုနသန် တက်ချ်ဟာလည်း ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့တော့မှာမို့ အဲ့ဒီကစားသမားနေရာမှာ ဟမ်းမဲလ်စ်နဲ့ အစားထိုးဖို့ ချိန်ရွယ်လာခဲ့တာလည်း ဖြစ်ပါတယ်။