ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ပွဲစဉ်မှာ ဘယ်လင်ဟမ်က အင်္ဂလန်အသင်းအတွက် နောက်ကျ ချေပဂိုး သွင်းယူပြီး သာမန်ပွဲချိန်အတွင်း (၁)ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်လက် ကစားရာ ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။

တကယ်တော့ အင်္ဂလန်ဟာ အဲ့ဒီပွဲစဉ်မှာ ဆလိုဗက်ကီးယားထက် ပိုကောင်းမွန်အောင် ကစားပြနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဘယ်လင်ဟမ်ရဲ့ ပွဲပြီးခါနီး ကယ်တင်မှုနဲ့အတူ ကွာတားဖိုင်နယ်ထိ တက်လှမ်းသွားဖို့ အကြောင်းဖန်ခဲ့ရပါတယ်။ အင်္ဂလန်က ကွာတားဖိုင်နယ်မှာတော့ ကစားပုံ တအားမာကြောလှတဲ့ ဒိန်းမတ်နဲ့ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်သွားရပါမယ်။

Photo Credit : Ben Jacobs

ယူရိုပြိုင်ပွဲကြီး မတိုင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ပါဝင်နေတဲ့ အင်္ဂလန်ဟာ လက်ရှိမှာတော့ အမြင့်ဆုံး ဆီမီးဖိုင်နယ်လောက်အထိသာ တက်လှမ်းနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရပေမယ့်လည်း အင်္ဂလန်ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်ကတော့ အင်္ဂလန်က ယူရိုချန်ပီယံ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

“ခင်ဗျားအနေနဲ့ ကိုယ့်အသင်းက ပြိုင်ပွဲတစ်ခုကို ပါဝင် ယှဉ်ပြိုင်နေစဉ်မှာပဲ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လိမ့်မယ်ဆိုပြီး အမှန်တကယ် ယုံကြည်မိလာတဲ့ အချိန်မျိုးတွေက ရှိလာတက်တယ်။ အခု အင်္ဂလန်လည်း အဲ့ဒီလို အခြေအနေမျိုးကို ရောက်နေရပြီလို့ ကျွန်တော် ထင်မိတယ်။ ဒါ ကျွန်တော် တကယ်ပြောတာပါ။ အခုဆို အသင်းသားတွေက ပွဲအပြီး camp ဆီကို အပြန်မှာ အောင်ပွဲခံနေကြပါလိမ့်မယ်။”

Photo Credit : Daily Mail

“အခု ကျွန်တော်တို့က ကွာတားကို ရောက်နေပြီ။ ရေးဆွဲထားတဲ့ လမ်းကြောင်းကလည်း အကောင်းဆုံးလမ်းကြောင်း ဖြစ်နေရတယ်။ ဒါက ဗိုလ်စွဲဖို့အတွက် ရေးဆွဲပေးထားသလိုပါပဲ။ ကျွန်တော်တို့ ဖလားရအောင် လုပ်ရပါလိမ့်မယ်။ အခုလည်း ကျွန်တော်တို့တွေ နောက်ဆုံးမိနစ်ဂိုးနဲ့ ပွဲကို အလှည့်အပြောင်းဖြစ်အောင် ကစားပြခဲ့တယ်။ ကျွန်တော် ပြောချင်တာ အဲ့ဒါပါပဲ။”

“နောက်ပြီး လူတိုင်းက ဆောက်ဂိတ်နဲ့ ပွဲအလှည့်အပြောင်းကို မေးခွန်းထုတ်နေကြတယ်။ ဒါက အရည်အချင်းကြောင့်ပဲလို့ ကျွန်တော် မထင်ဘူး။ ဒါက စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့်လည်း ပါတယ်။ ဒီအရာတွေနဲ့ နိုင်ပွဲတွေကို ရယူနိုင်ပါတယ်။ လာမယ့်ပွဲမှာ ဆွစ်ဇာလန်က ဆလိုဗက်ကီးယားထက် ပိုမို ကောင်းမွန်တဲ့ ပြိုင်ဘက် ဖြစ်နေတာမို့ ဒီပွဲကလည်း ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့တွေ စရိုက်လက္ခဏာကောင်း ပြသပြီး ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။” လို့ ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။