ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းရဲ့ ဆယ်ကျော်သက် လူငယ်နောက်ခံကစားသမားလေး အေရွန် အန်ဆယ်လ်မီနိုကို ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်လျက် ရှိနေပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက်ဖြစ်သူ ဘင် ဂျက်ဘော့က ဖော်ပြသွားခဲ့ပါတယ်။
ချယ်လ်ဆီးဟာ အခု ဘောလုံးရာသီသစ်အတွက် ဖူလ်ဟမ် နောက်ခံလူ တိုဆင် အာဒါယာဘိုင်အိုယိုုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးနောက် ဗီလာ လူငယ်ကစားသမား ကယ်လီမန်းနဲ့ ဘာစီလိုနာ မာ့ခ် ဂူအီယူတို့ကိုလည်း ဆက်လက် ခေါ်ယူသွားနိုင်ဖို့လည်း နီးစပ်လျက် ရှိနေပြီ ဖြစ်ပါတယ်။
Photo Credit : GiveMeSport
ချယ်လ်ဆီးက အသင်းပိုင်ရှင်သစ် BlueCo တို့လက်ထက် ကစားသမားသစ် ခေါ်ယူမှုတွေထဲ လူငယ် ကစားသမားလေးတွေကိုသာ ဦးစားပေး ခေါ်ယူလေ့ရှိပြီး တချို့ကစားသမားတွေကိုတော့ BlueCo အဖွဲ့ပိုင် နောက်ထပ် ကလပ်အသင်းဖြစ်တဲ့ ပြင်သစ်လီဂူးကလပ် စထရာဘိုးအသင်းဆီကို အငှားချခြင်းတွေလည်း လုပ်ဆောင်နေပါတယ်။
လက်ရှိမှာလည်း ချယ်လ်ဆီးက အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် အာဂျင်တီးနား ခံစစ်မှူးလေး အန်ဆယ်လ်မီနိုကို ပြောင်းရွှေ့ကြေး ပေါင် (၁၉)သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိဖို့လည်း နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးက ဒီကစားသမားလေးကို ခေါ်ယူနိုင်ခဲ့ရင် စထရာဘိုးအသင်းဆီကိုသာ တစ်ရာသီ အငှားချဖို့လည်း ရှိနေပါတယ်။
Photo Credit : mufcMPB
အရည်အသွေးမြင့် ဆယ်ကျော်သက် ခံစစ်ကစားသမားလေး အန်ဆယ်လ်မီနိုဟာ အသက် (၁၂)နှစ်အရွယ်မှာကတည်းက ဘိုကာဂျူနီယာ လူငယ် အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး သူရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေကြောင့် ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေသူလည်း ဖြစ်ပါတယ်။
အရပ်အမောင်း (၆)ပေ (၁)လက်မအထိ မြင့်မားတဲ့ အန်ဆယ်လ်မီနိုဟာ ခံစစ်ကျောက်ဆောင်လို့ လူသိများသူဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်ရချိန်မှာလည်း ဘောလုံးဖြတ်ထုတ်မှု ရှင်းထုတ်မှု ကောင်းမွန်သူလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီကစားသမားလေးကို ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်တော့မှာဖြစ်ပြီး စထရာဘိုးဆီ အငှားမရောက်လိုက်ပဲ ချယ်လ်ဆီးအတွက်သာ တစ်ခါတည်း ကစားပေးရဖွယ်လည်း ရှိလာနိုင်ပါတယ်။