အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဟာ သူတို့ရဲ့ အခါးသီးဆုံး မြို့ခံကလပ်အသင်း အင်တာမီလန် ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူကို ဒီနွေမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း အီတလီ နာမည်ကြီး ဘောလုံးသတင်းထောက် ဒီမာဇီယိုက ဖော်ပြလာခဲ့ပါတယ်။
အသက် (၃၁)အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ရိုးမားအသင်းနဲ့ အငှားစာချုပ်သက်တမ်းက ပြည့်မြောက်နေပြီဖြစ်လို့ သူရဲ့ မိခင်ကလပ် ချယ်လ်ဆီးနဲ့ ပြန်လည် ပူးပေါင်းရတော့မှာ ဖြစ်ပေမယ့်လည်း လူကာကူကလည်း ချယ်လ်ဆီးအတွက် မကစားပေးချင်တော့သလို ချယ်လ်ဆီးကလည်း လူကာကူကို အသင်းမှာ နေရာပေးဖို့ မရှိတာကြောင့် ဒီနွေမှာပဲ အပြီးသတ် ရောင်းထုတ်ဖို့ ရှိနေပါတယ်။
Photo Credit : Inter
လူကာကူဟာ အင်တာမီလန်အသင်းနဲ့အတူ အီတလီ စီးရီးအေမှာ စတင် ကျင်လည်ခဲ့ဖူးတာဖြစ်ပြီး အင်တာနဲ့လည်း စီးရီးအေ ချန်ပီယံဆုကိုပါ ပိုင်ဆိုင်ခဲ့ရသလို စီးရီးအေရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားအထိပါ ဆွတ်ခူးခဲ့ရပါတယ်။ ဒါတွေတင်မကသေးပဲ လူကာကူဟာ အင်တာနဲ့အတူ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့လို ဥရောပပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲတွေအထိ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။
နောက်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း လူကာကူဟာ ရိုးမားမှာ တစ်ရာသီအငှားနဲ့ လာကစားရင်း စီးရီးအေမှာ သွင်းဂိုး (၁၃)ဂိုးအထိ သွင်းယူခဲ့ပါသေးတယ်။ လူကာကူက စီးရီးအေမှာ ပွဲပေါင်း (၁၂၉)ပွဲအထိ ကစားထားဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိနေတာဖြစ်လို့ မီလန်အသင်းက အိုလီဗီယာ ဂျရူးရဲ့နေရာမှာ အစားထိုးဖို့ စဉ်းစားလာခဲ့ပါတယ်။
Photo Credit : Goal
လူကာကူဟာ ခါးသီးပြိုင်ဘက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး ဖြစ်သလို အသင်းရဲ့ legend ကြီး ဇလာတန် အီဘရာဟီမိုဗစ်နဲ့လည်း ရန်သူတော်ကြီး ဖြစ်ခဲ့ပေမယ့် စီးရီးအေ အတွေ့အကြုံကောင်းတွေ ရှိနေတဲ့အပြင် မေဂျာလိဂ်ဆီ ထွက်ခွာသွားပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး ဂျရူးနေရာအတွက်လည်း တိုက်ရိုက် အစားထိုးမှု ဖြစ်လာစေနိုင်ပါတယ်။
ဒါပေမယ့် လူကာကူကို မီလန်တစ်သင်းတည်းသာမကပဲ လူကာကူနဲ့အတူ အင်တာမီလန်မှာ ဆရာတပည့် ဆက်ဆံရေးကောင်းတွေနဲ့ တွဲဖက်ညီခဲ့တဲ့ နည်းပြ အန်တိုနီယို ကွန်တီကလည်း သူရဲ့ကလပ်အသင်းသစ်ဖြစ်တဲ့ နာပိုလီအသင်းဆီ ခေါ်ယူသွားချင်နေသလို ဆော်ဒီကလပ်တွေကပါ လူကာကူရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။