ချယ်လ်ဆီးအသင်းကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် နယူးကာဆယ် တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ Mail Sports အားကစား သတင်းမီဒီယာကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက လက်ရှိ အပြောင်းအရွှေ့ကာလအတွင်းမှာ လူငယ် ကစားသမား အများအပြားတွေကို ခေါ်ယူလို့နေပေမယ့်လည်း ဈေးကွက်အတွင်းမှာပဲ အသင်းက ကစားသမားတွေကိုပါ ပြန်လည် ရောင်းချသွားရဖို့က ရှိနေတာကြောင့် ဒီကစားသမားတွေနေရာအတွက် ပြန်လည် ဖြည့်တင်းမှုတွေ လုပ်ဆောင်ရဖို့ ရှိနေပြန်ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီး တိုက်စစ်ပ်ိုင်းက စတားလင်း ဘရိုဟာတို့အပြင် နီကိုလပ်စ် ဂျက်ဆင်ပါ နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ ရောင်းချခံရတာ ဒါမှမဟုတ် ထွက်ခွာသွားတာတွေ ဖြစ်လာနိုင်သလို ချယ်လ်ဆီးကလည်း တိုက်စစ်ပိုင်းအတွက် အားဖြည့်ဖို့ပါ လိုအပ်နေတာကြောင့် နယူးကာဆယ် တိုက်စစ်ကစားသမား အီဆက်ခ်ကို ချိန်ရွယ်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်ဟာ ၂၀၂၂ခုနှစ်ကမှ ဆိုစီဒက်ကနေ နယူးကာဆယ်အသင်းဆီ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်လာခဲ့ရင်းနဲ့ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့တဲ့ (၂)ရာသီအတွင်း (၃၁)ဂိုးအထိတောင် သွင်းယူထားတဲ့အထိ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။

Photo Credit : Geordie Boot Boys

ဒါကြောင့် အီဆက်ခ်ကို အာဆင်နယ် လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့က ခေါ်ယူချင်နေကြပြီး နယူးကာဆယ်ကလည်း အီဆက်ခ်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို အသင်းမှာ ထိန်းထားချင်ပေမယ့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေအရ အီဆက်ခ် ဂွီမာရေ့စ်တို့လို ထိပ်တန်းကစားသမားတွေကို ရောင်းချသွားရဖို့ ရှိနေပါတယ်။

ဒီအခြေအနေမှာ ချယ်လ်ဆီးဘက်က အီဆက်ခ်ကို ခေါ်ယူနိုင်ဖို့အတွက် နယူးကာဆယ်အသင်းထံ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်လာနေပြီ ဖြစ်သလို အသင်းနှစ်သင်းလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး နယူးကာဆယ်ဘက်ကတော့ အီဆက်ခ်အတွက် သူတို့အသုံးပြုထားရတဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေပါတယ်။