မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှု ပြုလုပ်သွားဖို့ ရှိနေရာ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား မာနူရယ် အူဂါတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Sky Sports အားကစားမီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်က ဒီနွေမှာ အသင်း ကွင်းလယ်ပိုင်း ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုး အဲရစ်ဆင် ဗန်ဒီဘိခ်တို့ကို လက်လွတ်သွားရဖို့ ရှိနေတဲ့အတွက် ဒီကစားသမားတွေရဲ့နေရာမှာ ပြန်လည် ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားရဖို့ ရှိနေပြီး အဲ့ဒီအတွက်ကိုလည်း ကွင်းလယ်ကစားသမား အများအပြားကို ချိန်ရွယ်လျက် ရှိနေပါတယ်။
Photo Credit : Sky Sports
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမားထဲမှာ ဘင်ဖီကာ ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ် ၊ ဝက်စ်ဟမ်း ကွင်းလယ်လူ အက်ဆွန် အဲလ်ဗာရက်ဇ်တို့ ပါဝင်နေသလို ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနားကနေ အငှားနဲ့ ခေါ်ယူထားတဲ့ အမ်မရာဘတ်ကိုပါ အပြီးသတ်နဲ့ ခေါ်ယူဖို့အထိ လုပ်ဆောင်နေပါယတယ်။
ဒီလို ဆောင်ရွှက်နေရင်းနဲ့ပဲ ယူနိုက်တက်က စပို့တင်း လစ္စဘွန်း ကစားသမားဟောင်းဖြစ်ပြီး ယူနိုက်တက် ပစ်မှတ်ထဲမှာ အရင်ကတည်းက ပါဝင်ထားခဲ့ဖူးတဲ့ ကွင်းလယ်လူ အူဂါတီကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမား အူဂါတီက ပြီးခဲ့တဲ့ရာသီကမှ စပို့တင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ထားသူလည်း ဖြစ်ပါတယ်။
Photo Credit : The Sun
၂၀၂၁ခုနှစ်ကမှ ဥရောပ ဘောလုံးနယ်ပယ်ထဲကို စတင် ခြေချလာခဲ့ရတဲ့ အူဂါတီဟာ လပိုင်းအကြာမှာပဲ စပို့တင်းဆီ ပြောင်းရွှေ့ပြီး စပို့တင်းမှာ အလွန်ခြေစွမ်းပြနိုင်ခဲ့လို့ ဥရောပထိပ်သီး ကလပ်အသင်းတွေ ဝိုင်းစိတ်ဝင်စားလာခဲ့ရာကနေ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီက ယူရို သန်း(၆၀)နဲ့ လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့ပါတယ်။
အူဂါတီဟာ ပီအက်စ်ဂျီနဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံ (၃၇)ပွဲအထိ ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ ပွဲကစားခွင့်တွေက မရှိသလောက် အရမ်းနည်းပါးခဲ့ရပြီး နည်းပြအင်းနရစ်ကပါ အသင်းကွင်းလယ်မှာ ဗီတင်ညာ ဖာဘီယန်ရုဇ်တို့ကိုသာ အူဂါတီထက် ပိုမို ဦးစားပေး အသုံးပြုနေတာကြောင့် ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်က အူဂါတီကို ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။