ပြင်သစ် လက်ရွေးစင်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ချူအာမန်နီဟာ လက်ရှိ ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်နေတဲ့ အခြေအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ရီးယဲလ်အသင်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတို့ကို နှိုင်းယှဉ် ပြောဆိုသွားခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မကျင်းပခင် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ပြင်သစ်အသင်းက ထိပ်ဆုံးနေရာလောက်ကနေ ပါဝင်ခဲ့ပါတယ်။ ကီလီယန် အမ်ဘာပေ အပါအဝင် ဒမ်ဘီလီ ၊ ဆာလီဘာ ၊ ကာမာဗင်ဂါ ၊ ကန်တေ ၊ ဂရီးဇ်မန်း ၊ ချူအာမန်နီတို့လို ထိပ်တန်းကစားသမားတွေနဲ့ အတောင့်တင်းဆုံး ကစားသမားစာရင်းကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်ဟာ ယူရို-၂၀၂၄မှာ တခြားအသင်းတွေထက် ယူရိုချန်ပီယံ ဖြစ်လာဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ပြင်သစ်က ယူရို-၂၀၂၄မှာ နယ်သာလန် သြစတြီးယား ပိုလန်တို့နဲ့ တစ်အုပ်စုတည်းအတူ ကျရောက်ခဲ့ပြီး အဖွင့်ပွဲမှာ သြစတြီးယားကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့သလို အုပ်စုတွင်း ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တဲ့ နယ်သာလန်နဲ့ ရင်ဆိုင်ရချိန်မှာလည်း ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒီ(၂)ပွဲလုံးမှာ ပြင်သစ်က ချန်ပီယံ ဖြစ်လာလောက်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခြင်း မရှိခဲ့ပဲ သြစတြီးယားကိုတောင် ပြိုင်ဘက်ကစားသမားတွေရဲ့ own goal ကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်လိုပဲ အင်္ဂလန် အီတလီ ဘယ်လ်ဂျီယံတို့လို ထိပ်တန်းအသင်းတွေဟာလည်း ယူရို-၂၀၂၄ အုပ်စုပွဲစဉ် (၂)ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် သူတို့ ပြင်သစ်အသင်းကတော့ အချိန်တန်ရင် အောင်ပွဲခံရလိမ့်မယ်လို့ ပြင်သစ် ကွင်းလယ်ကစားသမား ချူအာမန်နီက အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Managing Madrid

“(၄)မှတ်ရထားတယ်။ ပေးဂိုးလည်း မရှိသေးဘူး။ သွင်းဂိုးလည်း မရှိသေးဘူး(အသင်းသားတွေကိုယ်တိုင် သွင်းယူတဲ့ဂိုး)။ ဒါက တကယ်ကို မကြုံစဖူးပါပဲ။ ဒါပေမယ့် ဒီအခြေအနေမှာ ကျွန်တော်တို့ သံသယ ရှိမနေပါဘူး။ အခွင့်အရေးတွေလည်း ရှိလာမှာ။ နောက်ပြီး ဒီအခြေအနေကိုလည်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ကျွန်တော် နှိုင်းယှဉ်ကြည့်ချင်ပါတယ်။”

“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရီးယဲလ်အသင်းနဲ့ ရာသီအစတုန်းက အများကြီး လွဲချော်ခဲ့ရပေမယ့် ရာသီအကုန်မှာတော့ ဘာတွေ ဖြစ်သွားခဲ့သလဲဆိုတာ ခင်ဗျားတို့သိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ချူအာမန်နီရဲ့ ပြင်သစ်အသင်းက အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ပိုလန်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေရပါတယ်။