ဘာစီလိုနာအသင်းကတော့ တောင်ပံတိုက်စစ်နေရာအတွက် ဘီလ်ဘာအိုအသင်းရဲ့ စပိန်လက်ရွေးစင် ကြယ်ပွင့်ကစားသမားလေး နီကို ဝီလီယံစ်ကို ပစ်မှတ်ထားနေပေမယ့်လည်း လက်ရှိမှာတော့ ဝီလီယံစ်ထက် လီဗာပူးလ် တောင်ပံကစားသမား လူးဝစ် ဒီးယက်ဇ်ကိုသာ ပိုမို ချိန်ရွယ်လာခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်လက်ထက်မှာ အသင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပြီး နေရာစုံအတွက် ကစားသမား အမြောက်အများကိုလည်း ပစ်မှတ်ထားလျက် ရှိနေရာ တောင်ပံကစားသမား နီကို ဝီလီယံစ်လည်း အပါအဝင် ဖြစ်လို့နေပါတယ်။

Photo Credit : FC Barcelona Noticias

အသက် (၂၁)နှစ်အရွယ် နီကို ဝီလီယံစ်ဟာ လက်ရှိမှာ စပိန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲလျက် ရျိနေပြီး ခြေစွမ်းပြသလျက် ရှိနေတာကြောင့် သူ့ကို စိတ်ဝင်စားလာတဲ့ အသင်းအရေအတွက်က တနေ့တခြား ပိုမို များပြားလာခဲ့ရပါတယ်။ ဒါပေမယ့် ဝီလီယံစ်ကတော့ ဘီလ်ဘာအိုမှာပဲ တစ်ရာသီခန့်လောက်တော့ ဆက်ပြီး ကစားသွားချင်တယ်လို့ ပြောဆိုလာခဲ့ပြီး အပြောင်းအရွှေ့သတင်းတွေကိုလည်း အဆုံးသတ်စေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ဝီလီယံစ်ကို အလိုရှိနေတဲ့ ဘာစီလိုနာအသင်းက သူတို့ရဲ့ ပစ်မှတ်ကို လီဗာပူးလ် ကစားသမား လူးဝစ် ဒီးယက်ဇ်ဆီ ပြောင်းခဲလာခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကိုလံဘီယာ တောင်ပံကစားသမား ဒီးယက်ဇ်ဟာ လက်ရှိမှာ ကိုလံဘီယာနဲ့အတူ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဆင်နွဲနေပြီး သူရဲ့ လီဗာပူးလ် ကစားသမားဘဝ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လို့နေပါတယ်။

Photo Credit : TEAMtalk

ဒီးယက်ဇ်က လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း အသင်းမှာက အနာဂတ် ရေရေရာရာ မရှိသေးပဲ ဘာစီလိုနာအသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်ရဲ့ ဖခင်ကိုယ်တိုင်ကလည်း သူ့သားက ဘာစီလိုနာ ပရိသတ်ဖြစ်တာမို့ တစ်နေ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားပေးချင်လိမ့်မယ်လို့ပါ ပြောဆိုထားခဲ့ဖူးပါတယ်။

ဘာစီလိုနာဘက်ကလည်း ဒီးယက်ဇ်လို အရည်အသွေးမြင့် တောင်အမေရိက ထိပ်တန်း ကစားသမားမျိုးကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်ကတော့ သူတို့ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးအထိ တောင်းဆိုလာနိုင်တာကတော့ ဘာစီလိုနာအတွက် အခက်တွေ့ဖွယ် ရှိနေပါတယ်။