မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေဈေးကွက်အတွင်းမှာ ခံစစ်ပိုင်း အားဖြည့်တင်းဖို့အတွက် အဲဗာတန်အသင်းရဲ့ အင်္ဂလန် နောက်ခံကစားသမားလေး ဂျာရတ် ဘရန့်ဝိတ်ကို ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းမှုတစ်ရပ်ပါ လုပ်ဆောင်ခဲ့ပေမယ့် အဲဗာတန်ဘက်က ပယ်ချထားရာ အခု နောက်တစ်ကြိမ် ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ နောက်ခံလူ ဗာရန်း အီဗန်စ်တို့နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားပြီ ဖြစ်သလို လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ အနာဂတ်တွေဟာလည်း မသေချာတော့တာကြောင့် ခံစစ်ကစားသမားသစ်တွေကို ပစ်မှတ်ထားလျက် ရှိနေပြီး အသက် (၂၁)နှစ်အရွယ် ဗဟိုခံစစ်မှူးလေး ဘရန့်ဝိတ်ပါ ယူနိုက်တက် ပစ်မှတ်ထဲမှာ ပါဝင်လို့နေပါတယ်။
Photo Credit : Sky Sports
၂၀၁၉ခုနှစ်ကမှ အဲဗာတန်ဆီ ရောက်လာပြီး ဘလက်ဘန်း PSV တို့မှာ အငှားထွက်ကစားခဲ့ပြီးမှ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ အဲဗာတန်အတွက် အသေအချာ ကစားပေးခွင့်ရခဲ့သူ ဘရန့်ဝိတ်ဟာ အဲဗာတန်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုနဲ့ လူငယ်ကစားသမားဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အသင်းခံစစ်မှာ ခြေစွာနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဘရန့်ဝိတ်ကို ရီးယဲလ်မက်ဒရစ်ကပါ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး လတ်တလောမှာတော့ အဲဗာတန်ကနေ ရွန်နီ လူကာကူ ဖယ်လိုင်နီတို့ကို ခေါ်ယူခဲ့ဖူးတဲ့ ယူနိုက်တက်က ခံစစ်မှူးလေး ဘရန့်ဝိတ်ကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်လို့နေပါတယ်။
Photo Credit : Transfermarket
ယူနိုက်တက်ရဲ့ ကြိုးပမ်းမှုအရ ကစားသမားနဲ့ လစာကိစ္စ စာချုပ်ကိစ္စတွေမှာ သဘောတူညီမှု ရယူနိုင်ခဲ့သလို ဘရန့်ဝိတ်ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်ပေမယ့်လည်း ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ကြားမှာတော့ ဘရန့်ဝိတ်အတွက် ပြောင်းရွှေ့ကြေးကိစ္စမှာတော့ အဆင်မပြေနိုင်သေးပဲ ဖြစ်နေရပါတယ်။
ယူနိုက်တက်က ဘရန့်ဝိတ်အတွက် ကနဦး ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ပေါင် (၄၃)သန်းနဲ့ ကမ်းလှမ်းထာခဲ့ပေမယ့်လည်း အဲဗာတန်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချထားခဲ့ပြီး သူတို့ကစားသမားအတွက် အနိမ့်ဆုံး ပေါင် (၆၅)သန်းလောက်အထိ အလိုရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ကတော့ အဲဗာတန် အလိုရှိနေတဲ့ တန်ကြေးအတိုင်း ကမ်းလှမ်းဖို့ မလွယ်ကူသေးပေမယ့်လည်း ဘရန့်ဝိတ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်ဆောင်သွားဖို့တော့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။