အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က လက်ရှိ ယူရို-၂၀၂၄ ပြိုင်ပွဲကို ပါဝင်ဆင်နွဲနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂျုဒ့် ဘယ်လင်ဟမ်နဲ့ ဖေးလ် ဖိုဒန်တို့ကို နေရာ အပြောင်းအလဲ လုပ်ဆောင်မှ ဖြစ်တော့မယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

ဘယ်လင်ဟမ်နဲ့ ဖိုဒန်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ရင်း ဘယ်လင်ဟမ်က လာလီဂါရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုနဲ့ ဖိုဒန်ကလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုတွေ ဆွတ်ခူးခဲ့ရပါတယ်။

Photo Credit : Super Sport

ဒီလို တစ်ဦးချင်းဆုတွေ ပိုင်ဆိုင်ခဲ့သလို သူတို့ ကလပ်အသင်းတွေနဲ့ပါ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြလို့ ဒီလို ကစားသမားကောင်းတွေကို ရွေးချယ်ထားခဲ့တဲ့ အင်္ဂလန်အသင်းဟာလည်း ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲတွေ စတင်ချိန်မှာပဲ ဘယ်လင်ဟမ်က အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဆာဘီးယားနဲ့ပွဲမှာ ဂိုးလည်းသွင်း ခြေစွမ်းလည်း ပြနိုင်ခဲ့ပေမယ့် ဒိန်းမတ်နဲ့ပွဲမှာတော့ အဆိုးရွှားဆုံး ခြေစွမ်းတွေ ဖြစ်နေခဲ့ရသလို ဖိုဒန်ဆိုရင်လည်း ဆောက်ဂိတ်လက်အောက်မှာ (၂)ပွဲဆက်တိုက်လုံး ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : The Mirror

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖာဒီနန်က “အင်္ဂလန်အသင်းရဲ့ လက်ရှိ ကစားပုံ အခင်းအကျင်းက ကစားသမားတွေ သူတို့ရဲ့ ကလပ်အသင်းတွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အဆင့်မျိုး ရောက်လာအောင် ခွင့်မပြုထားသလိုမျိုး ဖြစ်နေရတယ်။”

“ဖေးလ် ဖိုဒန်ဆိုရင်လည်း သူ့အတွက် အကောင်းဆုံးဆိုတဲ့ နေရာမှာ မကစားရပဲ position out နေရတယ်။ နောက်ပြီး ဘယ်လင်ဟမ်ကလည်း နံပါတ်(၈)နေရာမှာ ကစားရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ဒါက ကြီးမားတဲ့ စိုးရိမ်စရာ ဖြစ်နေပါတယ်။” လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။ ဖာဒီနန်လို အင်္ဂလန် ကစားသမားဟောင်းတွေက နည်းပြ ဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုမှုအကြောင်းတွေကို အခုလို အကြံပြုနေကြပေမယ့်လည်း ဆောက်ဂိတ်ကတော့ (၂)ပွဲဆက်တိုက်လုံး တူညီတဲ့ လူစာရင်းကိုသာ ဆက်လက် အသုံးပြုသွားခဲ့ပါတယ်။