ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်ကစားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ တက်ကြွလွန်းတဲ့ စွမ်းဆောင်နိုင်မှုတွေက သူတို့ ပေါ်တူဂီအသင်းအတွက် အကူအညီ ဖြစ်စေတယ်လို့ ရော်နယ်လ်ဒို အသင်းဖော် ဒီယိုဂို ဒါလော့က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ GOAT ကြီး ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ယူရို-၂၀၀၄ပြိုင်ပွဲကနေ စတင်ပြီး နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးရင်းနဲ့ ယူရို-၂၀၁၆ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သလို ပထမဆုံးအကြိမ် ကျင်းပတဲ့ UEFA Nations League ပြိုင်ပွဲမှာလည်း ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Independent

အခုလည်း ယူရို-၂၀၂၄ပြိုင်ပွဲမှာပါ ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းကိုရော ပေါ်တူဂီတိုက်စစ်ကိုပါ ဦးဆောင်လာခဲ့ပြီး ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်ကလည်း ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ချက်နဲ့ပွဲမှာပါ ရော်နယ်လ်ဒိုကိုပဲ ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့်အထိ တောက်လျှောက် အသုံးပြုသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အဲ့ဒီပွဲမှာ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ ချက်အသင်း ကစားသမားရဲ့ own goal လူစားဝင်လာတဲ့ တိုက်စစ်ကစားသမားလေး ကွန်ဆီကာအိုရဲ့ နောက်ကျဂိုးတွေကြောင့် ပေါ်တူဂီက ချက်ကို Comeback ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : The Sun

အသင်းအတွက် ရော်နယ်လ်ဒိုက အမြဲတမ်း အကူအညီပေးနိုင်သေးတယ်ဆိုတဲ့ အကြောင်းကို ဒါလော့က “ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲကစားနေချိန်ဆို အရမ်းကို အာရုံစူးစိုက်ထားတက်ပြီး သူရဲ့ ရုပ်ပိုင်းဆိုင်ရာလည်း ကြံခိုင်နေတက်သလို ဂိုးတွေ သွင်းယူဖိုု့လည်း အမြဲ အဆင်သင့် ဖြစ်နေတက်ပါတယ်။ လူတိုင်းကလည်း သူ ဂိုးတွေ သွင်းဖို့ အမြဲ မျှော်လင့်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။”

“သူက တစ်ခါတစ်ရံမှာ ဂိုးသွင်းတယ်။ အကြိမ်ပေါင်းများစွာမှာတော့ သူက ဂိုးသွင်းတယ်။ ဒီပွဲမှာလည်း သူ ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒီပွဲမှာလည်း သူ ဘယ်လောက်အထိ ပြေးလွှားကစားနေခဲ့သလဲ ဆိုတာကို သိသိသာသာ မြင်မိနိုင်ပါလိမ့်မယ်။ နောက်ပြီး သူက ဘောလုံးရှိရှိ မရှိရှိ သူရဲ့ရွှေ့လျားမှုတွေ တက်ကြွမှုတွေက အသင်းအပေါ် အထောက်အကူ ပြုပေးနေသလို ဒီလို ပုံစံရှိနေတဲ့ ခရစ္စတီယာနိုကို ကျွန်တော်တို့ အမြဲလိုအပ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။