မန်ချက်စတာ ယူနိုက်တက်အသင်းကတော ဘိုလော့ဂ်နာ တိုက်စစ်ကစားသမားလေး ဂျိုရှုအာ ဇက်ဇီကို ခေါ်ယူသွားနိုင်ဖ်ို့အတွက် ကစားသမားဘက်နဲ့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက သတင်းဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အန်တိုနီ မာရှယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ အလွတ်နဲ့ လက်လွတ်လိုက်ရချိန် တိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်သွားဖို့အတွက် တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားနေရင်း လက်ရှိမှာတော့ ဘိုလော့ဂ်နာရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဇက်ဇီကို ချိန်ရွယ်နေပါတယ်။

Photo Credit : BBC

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဇက်ဇီဟာ ဘိုင်ယန်မှာ စီနီယာ ကစားသမားဘဝ စတင်ခဲ့ပေမယ့်လည်း အသင်းမှာ နေရာသိပ်မရနိုင်ခဲ့ပဲ ပါးမား အန်ဒါလက်ချ်တို့ဆီ အငှားသွားကစားခဲ့ရရင်း နောက်ဆုံးမှာတော့ ဘိုလော့ဂ်နာအသင်းကို အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ပါတယ်။

ဇက်ဇီဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအတွက် စီးရီးအေသွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူခဲ့ပြီး အသင်းကိုပါ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပြီး အေစီမီလန်ကလည်း ဇက်ဇီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေပါ ရရှိထားပါသေးတယ်။

Photo Credit : Transfermarket

ဒါပေမယ့် ကစားသမားနဲ့ အခုလို သဘောတူညီမှု ရရှိထားချိန်မှာတောင် ဇက်ဇီရဲ့အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့အတွက် ကော်မရှင်ခ တောင်းဆိုရာမှာတော့ အဆင်ပြေမှု ရှိမနေသေးတဲ့အတွက် ဒါဟာ ယူနိုက်တက်အတွက်တော့ သတင်းကောင်း ဖြစ်နိုင်ပြီး တကယ်လို့ ဇက်ဇီ အေးဂျင့်အတွက် ကော်မရှင်ခ ဇက်ဇီရဲ့ လုပ်ခလစာ စာချုပ်သက်တမ်းတွေမှာ သဘောတူညီမှု ရသွားမယ်ဆိုရင်တော့ ဘိုလော့ဂ်နာနဲ့ ဆက်လက် ဆွေးနွေးရဖို့သာ ရှိပါတော့တယ်။

ဇက်ဇီနဲ့ ဘိုလော့ဂ်နာအသင်းတို့ကြားမှာ ယူရို သန်း(၄၀)တန် စာချုပ်ဖျက်သိမ်းကြေးက ရှိထားပြီး ဒီတန်ကြေးကလည်း ယူနိုက်တက်အတွက် အဆင်ပြေနိုင်လောက်မယ့် တန်ကြေးပမာဏမျိုး ဖြစ်နေတာကြောင့် ကစားသမားနဲ့ သဘောတူညီမှု ရပြီဆိုတာနဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ အသင်း(၂)သင်းချင်း သဘောတူညီမှု ထပ်ရဖို့ အလျင်အမြန် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။