တော့တင်ဟမ် ဟော့စပါးအသင်းဟာ အခု နွေရာသီ ဈေးကွက်အတွင်းမှာ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂျပန်ကြယ်ပွင့် တောင်ပံကစားသမား တာကီဖူဆာ ကူဘိုကို ခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်သွားဖွယ် ရှိနေကြောင်း TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

စပါးအသင်းဟာ ဒီနွေအတွက် လိုက်ပ်ဇစ်က ဂျာမနီ တိုက်စစ်ကစားသမား တီမို ဗာနာကို အငှားသက်တမ်း တိုးမြှင့်ထားပြီးနောက် တိုက်စစ်ပိုင်းအတွက်ကိုပဲ ထပ်မံ အားဖြည့်သွားဖို့အတွက် လာလီဂါကြယ်ပွင့်ကစားသမား ကူဘိုကို စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Sporting News

အသက် (၂၃)နှစ်အရွယ် ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ရဲ့ လူငယ် ကစားသမားဟောင်း ကူဘိုဟာ တကယ့်ကို အရည်အသွေးမြင့် အာရှကြယ်ပွင့်တစ်ဦးဖြစ်ပြီး လက်ရှိကလပ် ဆိုစီဒက်အသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဆိုစီဒက်အတွက် ပြိုင်ပွဲစုံ (၄၁)ပွဲအထိ ပါဝင်ထားပြီး (၇)ဂိုးသွင်း (၅)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ညာတောင်ပံနေရာမှာ အဓိက ကစားသူဖြစ်တဲ့ ကူဘိုဟာ လိုအပ်ရင် ဘယ်တောင်ပံရော ကွင်းလယ်တိုက်စစ် နေရာအထိပါ ကစားနိုင်သူ ဖြစ်သလို စပါးနည်းပြကြီး ပိုစတီကိုဂလူး နှစ်သက်ရတဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် ဒီနွေဈေးကွက်မှာပဲ ကနဦး ကမ်းလှမ်းမှုအဖြစ် ယူရိုသန်း(၅၀)နဲ့ စတင် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Photo Credit : Football Espana

ဒါပေမယ့် ကူဘိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ဆိုစီဒက်နဲ့ ၂၀၂၉ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားသလို သူရဲ့စာချုပ်ဖျက်သိမ်းကြေးဟာလည်း ယူရိုုသန်း(၆၀)လောက်အထိ ရှိနေတာကြောင့် စပါးရဲ့ ယူရိုသန်း(၅၀)တန် ကမ်းလှမ်းချက်က ပယ်ချခံရဖွယ်သာ ရှိနေရပါတယ်။ ဒါပေမယ့် စပါးဘက်ကတော့ ကူဘိုရဲ့ စာချုပ်လျော်ကြေးတိုင်းအထိ ကမ်းလှမ်းသွားဖို့ပါ အစီအစဉ် ရှိနေနိုင်ပါတယ်။

ဒါပေမယ့် ကူဘိုုသာ စပါးကို ရောက်လာခဲ့မယ်ဆိုရင်တော့ အသင်းမှာ ကူလူဆက်ဗ်စကီးနဲ့ ဘရန်နန် ဂျွန်ဆင်တို့လို ညာတောင်ပံ ကစားသမားတွေပါ ရှိနေလို့ နေရာအတွက် ပြိုင်ဆိုင်မှုတွေ များလာနိုင်သလို ညာတောင်ပံကနေ ဘယ်တောင်ပံ ဒါမှမဟုတ် နံပါတ် (၁၀)နေရာ ပြောင်းလဲ ကစားခိုင်းတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။