ဆော်ဒီပရိုလိဂိပြိုင်ပွဲရဲ့ ထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်တဲ့ အယ်လ်အစ်တီဟတ်ဟာ ရီးယဲလ်မက်ဒရစ် ဝါရင့် နောက်ခံကစားသမားကြီး နာချို ဂွန်ဇာလက်ဇ်ကို အခု နွေဈေးကွက်အတွင်းမှာပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့ အလွန် နီးစပ်နေပြီလို့ သိရပါတယ်။

အသက် (၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပ်ိန်လက်ရွေးစင် နောက်ခံကစားသမား နာချိုဟာ ၂၀၀၁ခုနှစ်ကတည်းက ရီးယဲလ် လူငယ်အကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းခေါင်းဆောင်လည်း ဖြစ်ပေမယ့် သူရဲ့ စာချုပ်သက်တမ်းကတော့ ဒီလမှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit : TNT Sports

 

ဗဟိုခံစစ်နေရာမှာရော full-back မှာပါ ကစားတက်တဲ့ နာချိုဟာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၆၄)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့သူဖြစ်ပြီး ဆုဖလားပေါင်းများစွာကိုလည်း ရီးယဲလ်အသင်းနဲ့အတူ သိမ်းပိုက် ရယူထားနိုင်ခဲ့ပါသေးတယ်။ အခုတော့ နာချိုဟာ (၂၃)နှစ်တာ ကျင်လည်ခဲ့တဲ့ ရီးယဲလ်ကနေ စွန့်ခွာပြီး တခြား အသင်းသစ်တစ်သင်းဆီ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ နွေမှာကတည်းက အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ နာချိုဟာ ရီးယဲလ်နဲ့ (၁)နှစ်သက်တမ်း တိုးမြှင့်ခဲ့ပေမယ့် အခုအချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့သာ ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့ အသင်းတွေထဲကမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit : The New York Times

အယ်အစ်တီဟတ်အသင်းမှာက သူနဲ့အတူ ရီးယဲလ်မှာ နှစ်ပေါင်းများစွာ တွဲဖက် ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ကာရန် ဘန်ဇီမာလည်း ရှိနေသလို ထိပ်တန်း ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကန်တေနဲ့ ဖာဘင်ဟိုတို့လည်း ရှိနေကြပါတယ်။ ဒါပေမယ့် အယ်လ်အစ်တီဟတ်ဟာ အယ်လ်နာဆာ အယ်လ်ဟီလာ အယ်လ်အာလီတို့လို ဆော်ဒီကလပ်အသင်းတွေနဲ့ ယှဉ်ရင်တော့ ကစားသမားအင်အားက သိသိသာသာ အားနည်းနေပါသေးတယ်။

ဒါကြောင့်လည်း အယ်လ်အစ်တီဟတ်က ဒီနွေမှာ အသင်းဆီ ထိပ်တန်း ကစားသမားကောင်းတွေ ထပ်မံ အားဖြည့်သွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်သလို အခုလည်း နာချိုကို အလွတ်နဲ့ ခေါ်ရမှာ ဖြစ်ပေမယ့်လည်း တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း(၂၀)အထိ ပေးချေသွားမှာ ဖြစ်ပြီး တခြားသော နာမည်ကြီး ကစားသမားတွေကိုလည်း ဆက်တိုက် ခေါ်ယူဖွယ် ရှိနေပါတယ်။