ကီလီယန် အမ်ဘာပေနဲ့ အန်းဒရစ်ခ်တို့လို တိုက်စစ်ပိုင်းအတွက် လုံးဝ အားထားရနိုင်မယ့် ကစားသမားတွေကို ခေါ်ယူလိုက်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုတော့ ခံစစ်ပိုင်းကိုပါ အားဖြည့်တင်းဖို့အတွက် စပါး ခံစစ်ကစားသမား ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံအသင်း ရီးယဲလ်ဟာ ဗဟိုခံစစ်နေရာမှာ မီလီတာအို ရူဒီဂါ အလာဘာနဲ့ နာချိုတို့ ပိုင်ဆိုင်ထားပေမယ့် မီလီတာအိုကလွဲပြီး ကျန်တဲ့ ခံစစ်မှူးတွေက အသက် (၃၀)အထက် ရှိနေကြသလို အသင်းခေါင်းဆောင် နာချိုဆိုရင်လည်း အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးခါနီးနေပြီ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါကြောင့် ရီးယဲလ်က အသင်းရဲ့ တိုက်စစ်ပိုင်း အားဖြည့်ပြီးသွားချိန်မှာ ခံစစ်ပိုင်းအတွက် အားဖြည့်တင်းဖို့ စတင် လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရီးယဲလ်က ဘယ်နောက်ခံနေရာအတွက် ဘိုင်ယန်က အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ပစ်မှတ်ထားလျက် ရှိနေတဲ့အပြင် ဗဟိုခံစစ်နေရာအတွက်ကိုလည်း စပါးနောက်ခံလူ ရိုမဲရိုးကို သဘောကျနေပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး ရိုမဲရိုးဟာ စပါးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဂျုဗင်တပ်စ်နဲ့ အတ္တလန်တာအသင်းတွေမှာလည်း ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိ သူရဲ့တန်ကြေးက ယူရို သန်း(၆၀)လောက်အထိ ရှိနေပြီး စပါးအသင်းနဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်ကျန်ရှိလို့နေပါတယ်။

Photo Credit : Sports Ilustrated

ခံစစ်မှာ မာမာထန်ထန် ကစားနိုင်သူဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ရာသီကဆိုရင်လည်း စပါးအတွက် သွင်းဂိုး (၅)ဂိုးအထိပါ သွင်းယူပေးနိုင်ခဲ့တဲ့ ရိုမဲရိုးဟာ စပါးအသင်းဘက်က လုံးဝ ရောင်းမထုတ်လိုတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ရီးယဲလ်လို အသင်းမျိုးရဲ့ စိတ်ဝင်စားမှုကို ရထားတဲ့ ကစားသမားဘက်ကတော့ အသင်းပြောင်းလိုစိတ် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

အာဂျင်တီးနားနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ရိုမဲရိုးက ကလပ်အသင်းဖြစ်တဲ့ စပါးနဲ့ အောင်မြင်မှုတွေ ရယူဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ဖလား အာမခံချက်ကောင်းပြီး မိုဒရစ် ဂါရတ်ဘေးလ်တို့ကိုပါ စပါးကနေ ခေါ်ယူနိုင်ခဲ့ဖူးတဲ့ ရီးယဲလ်လို အသင်းမျိုးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာနိုင်လို့ ဒီအခြေအနေကို သိနားလည်နေတဲ့ ရီးယဲလ်က ရိုမဲရိုးကို ခေါ်ယူလို့ ရနိုင်ခြေရှိမရှိ စုံစမ်းခဲ့တယ်လို့ သိရပါတယ်။