ဘန်လေအသင်း နည်းပြဟောင်း ဗင်းဆင့် ကွန်ပနီက လီဗာပူးလ်အသင်းရဲ့ အင်္ဂလန် နောက်ခံကစားသမား ဂျိုး ဂိုးမက်ဇ်ကို သူ လက်ရှိ ကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ခေါ်ယူသွားချင်နေတယ်လို့ ဗြိတိန် နာမည်ကြီး သတင်းစာ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။
ဘိုင်ယန်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ နယ်သာလန် ခံစစ်မှူး ဒီလစ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်ထားပြီး နောက်ထပ် ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ အူပါမယ်ကာနိုရဲ့ အနာဂတ်ဟာလည်း မရေရာတော့တဲ့အတွက် ခံစစ်မှူးများစွာကို ပစ်မှတ်ထားလာခဲ့ပါတယ်။
Photo Credit : Sky Sports
လတ်တလော ဘိုင်ယန် အလိုရှိနေတဲ့ ခံစစ်မှူးတွေထဲမှာ လေဗာကူဆင်ရဲ့ ဂျာမနီ နောက်ခံလူ ဂျိုနသန် တက်နဲ့ ချယ်လ်ဆီးက အင်္ဂလန် ခံစစ်ကစားသမား လီဗိုင်း ကိုဝဲလ်တို့ ပါဝင်နေပြီး ကိုဝဲလ်ကိုတော့ ချယ်လ်ဆီးအသင်းဘက်က ရောင်းထုတ်ဖို့ အစီအစဉ် မရှိတဲ့အတွက် ဂျိုး ဂိုးမက်ဇ်ကို ပြောင်းလဲ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
အသက် (၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် ခံစစ်ကစားသမား ဂိုးမက်ဇ်ဟာ ၂၀၁၅ခုနှစ်ကတည်းက ချာတန်ကနေ လီဗာပူးလ်အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဗဟိုခံစစ်နေရာနဲ့ ညာနောက်ခံ ဘယ်နောက်ခံနေရာတွေအထိ လိုက်ပါကစားနိုင်တဲ့ စွယ်စုံရ နောက်ခံကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၅၁)ပွဲအထိပင် ပါဝင်ထားရပြီး (၃)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
Photo Credit : Anfield Sector
လီဗာပူးလ်အတွက် ပွဲပေါင်း (၂၂၄)ပွဲအထိ ပါဝင်ကစားထားခဲ့ရတဲ့ ဂိုးမက်ဇ်ဟာ လီဗာပူးလ်နဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်သလို လီဗာပူးလ်ခံစစ်မှာလည်း နေရာစုံ အသုံးပြုနိုင်တဲ့ ခံစစ်ကစားသမားလည်း ဖြစ်နေတာမို့ သူ့ကို နည်းပြသစ် ဆလော့ကလည်း အသင်းမှာပဲ ဆက်ထားသွားချင်မှာ သေချာနေပါတယ်။
ဒါပေမယ့် ကွန်ပနီကတော့ ခံစစ်ဂျိုကာတစ်ဦးဖြစ်တဲ့ ဂိုးမက်ဇ်ကို သူရဲ့ ဘိုင်ယန်အသင်းဆီ ခေါ်ဆောင်သွားချင်နေတာကြောင့် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပြီး ဂိုးမက်ဇ်အနေနဲ့လည်း နည်းပြဆလော့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးမှ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားဖို့လည်း ရှိနေပါတယ်။