ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ အက်စ်တွန်ဗီလာနဲ့ စပါးတို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားလိမ့်မယ်လို့ သုံးသပ်စကား ပြောကြားလာခဲ့ပါတယ်။
တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အူနိုင်း အမ်မရီ ဦးဆောင်နေတဲ့ ဗီလာနဲ့ ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးတို့က ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄) နေရာကို ယှဉ်လုနေရတဲ့ အသင်းတွေ ဖြစ်ကြပြီး လတ်တလောမှာ စပါးနဲ့ ဗီလာတို့က အဆင့်(၄)နေရာကို သိမ်းပိုက်နိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။
Photo Credit: Goal
ပွဲစဉ်(၂၄) အပြီးမှာ စပါးက ရမှတ် ၄၇မှတ်နဲ့ အဆင့်(၄)နေရာ ၊ ဗီလာက ရမှတ် ၄၆မှတ်နဲ့ အဆင့်(၅)နေရာ ၊ မန်ချက်စတာ ယူနိုက်တက်က ရမှတ် ၄၁မှတ်နဲ့ အဆင့်(၆)နေရာကို အသီးသီး ရောက်ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က စပါးနဲ့ ဗီလာတို့ထက် ရမှတ် များစွာ နည်းပါးနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ အများစုက မန်ချက်စတာ ယူနိုက်တက်ဟာ စပါးနဲ့ ဗီလာကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ပေါလ်စခိုးလ်ကတော့ သူ့အသင်းဟောင်းရဲ့ ခြေစွမ်းနဲ့ ကံတရားကို ယုံကြည်နေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လက်ကျန် ၁၄ပွဲ အတွင်းမှာ စပါးနဲ့ ဗီလာတို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူသွားနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။
Photo Credit: Tribuna
ပေါလ်စခိုးလ်က – “ကျွန်တော်တို့အသင်းမှာ ငယ်ရွယ်ပြီး အရည်အသွေးမြင့်တဲ့ လူငယ် ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ယူနိုက်တက်ဟာ စပါးနဲ့ ဗီလာတို့ရဲ့ အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က လက်ကျန်ပွဲတွေမှာ စပါးနဲ့ ဗီလာကို အမီလိုက်ပြီး အဆင့်(၄)နေရာနဲ့ ရာသီသိမ်းနိုင်ပါလိမ့်မယ်” လို့ သူ့ရဲ ယူဆချက်ကို ထုတ်ပြောလာခဲ့တာပါ။
လက်ကျန် ၁၄ပွဲ အတွင်းမှာ စပါးက ချယ်လ်ဆီး ၊ ဗီလာ ၊ နယူးကာဆယ် ၊ မန်စီးတီး ၊ အာဆင်နယ် ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေသလို ဗီလာကလည်း စပါး ၊ မန်စီးတီး ၊ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားဖို့ ကျန်နေသေးပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ မန်စီးတီး ၊ ချယ်လ်ဆီး ၊ လီဗာပူး ၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ကစားရပါဦးမယ်။