ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့ရဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဗလင်စီယာရဲ့ လူငယ်ခံစစ်မှူး ဂါစီယိုရိုစကီကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ခံစစ်ကြောင်းမှာ ဆာလီဘာ ၊ ဂါဘရီရယ် ၊ တင်းဘား ၊ ဘန်ဝှိုက် ၊ တိုမီယာစု ၊ ဇင်ချန်ကို ၊ ခီဝီယော့ ၊ ဆီဒရစ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဗဟိုခံစစ်မှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားဟာ ဆာလီဘာ ၊ ဂါဘရီရယ် ၊ တင်းဘားနဲ့ ဘန်ဝှိုက်တို့သာ ရှိပါတယ်။

Photo Credit: The Sun

ဗဟိုခံစစ် ၂နေရာစာ အတွက် ကစားသမား ၄ဦးထဲသာ ရှိချိန်မှာ တင်းဘားက ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူနေရသလို ဘန်ဝှိုက်ကလည်း ဗဟိုခံစစ်ထက် ညာနောက်ခံနေရာမှာသာ ပိုမို ခြေစွမ်းပြလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ဆာလီဘာ ၊ ဂါဘရီရယ်နဲ့ တင်းဘားတို့ ၃ဦးထဲသာ ရှိနေတဲ့ ဗဟိုခံစစ်ကို အားဖြည့်ဖို့ အတွက် စဉ်းစားနေကြပြီး အာဆင်နယ်က ဗဟိုခံစစ်နေရာ အတွက် ပြောင်းရွှေ့ကြေး သက်သာသလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Marca

တဖက်မှာတော့ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ယူ-၁၉ လက်ရွေးစင် ခံစစ်မှူး ဂါစီယိုရိုစကီက ယခုနှစ် ဘောလုံးရာသီမှာ ဗလင်စီယာ အတွက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး ဂါစီယိုရိုစကီက ဗလင်စီယာ အတွက် ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားထားရာ ၄ပွဲစလုံးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဂါစီယိုရိုစကီက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို ဗဟိုခံစစ်မှာရော ၊ ဘယ်နောက်ခံနေရာမှာပါ ကစားနိုင်စွမ်း ရှိတဲ့ ဘယ်ခြေအားသန် လူငယ်ခံစစ်မှူး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် လာလီဂါ ထိပ်သီးကလပ်တွေက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ အဆိုအရ အာဆင်နယ်က သူတို့ရဲ့ ဗဟိုခံစစ် အတွက် ဂါစီယိုရိုစကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂါစီယိုရိုစကီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု တချို့ ပြုလုပ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေပါ လုပ်ထားကြောင်း သိရပါတယ်။