ဥရောပပွဲစဉ်တွေအတွင်း (၁၈)ပွဲဆက်တိုက်အထိ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်း နဲ့ နည်းပြ ပက်ပ် ဂွာဒီယိုလာတို့ကို အင်္ဂလန် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ချီးကျူးစကားဆိုလိုက်ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ မန်စီးတီးအသင်းဟာ အဲ့ဒီရာသီမှာပဲ ချန်ပီယံလိဂ် (၁၃)ပွဲဆက်တိုက် ရှုံးပွဲ မရှိခဲ့သလို ဒီရာသီမှာလည်း ဥရောပ စူပါဖလား ဖိုင်နယ်ပွဲ နဲ့ ချန်ပီယံလိဂ် (၄)ပွဲဆက်တိုက်အထိ အနိုင်ယူထားခဲ့ပြီး အခုဆို စုစုပေါင်း (၁၈)ပွဲထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Manchester City X

မန်စီးတီးက ဒီနေ့ မနက်အစောပိုင်းမှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဥရောပပွဲပေါင်း (၁၈)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့တဲ့အပေါ် ဖာဒီနန်က “လွယ်လွယ်ကူကူနဲ့ကို အနိုင်ရခဲ့ပြန်ပါပြီ။ မသိရင် ဒီပွဲက အထိန်းအမှတ်ပွဲစဉ် ဂုဏ်ပြုပွဲစဉ်လိုပဲ။”

“ကစားသမားတွေကို ကြည့်ရတာကလည်း ယုံကြည်မှု အပြည့်နဲ့ သူတို့ ကစားသွားတာကလည်း အရမ်းလွယ်ကူနေသလိုပါပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေပါ။ သူတိုရဲ့ စိတ်ပိုင်းဆိုင်ရာက အရမ်း အားကောင်းလွန်းနေပါတယ်။”

Photo Credit : Daily Mail

“နည်းပြကလည်း အသင်းအတွက် အကောင်းဆုံးတွေကို စွမ်းဆောင်ပေးနေနိုင်တယ်။ သူက အသင်းမှာ တစ်ဦးချင်း စွမ်းရည်တွေ နဲ့ စိတ်ပိုင်းဆိုင်ရာ ပစ်မှတ်တွေအတွက် လုပ်ဆောင်ပေးထားနိုင်သလို အသင်းအတွက် အသုံးတည့်နိုင်မယ့် ကစားသမားတွေကိုလည်း ဖြည့်တင်းထားနိုင်တယ်။”

“သူတို့ကိုု ကြည့်ရတာ ငါတို့တွေ ဖလားတွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီ ၊ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပြီ ဆိုတာတွေနဲ့ ကျေနပ်မနေပဲ နောက်ထပ် ပစ်မှတ်တွေကို ဆက်လက် ကြိုးစား ဖော်ဆောင်နေသလိုပါပဲ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အခုလည်း စီးတီးဟာ ချန်ပီယံလိဂ်မှာ (၁၁)ရာသီဆက်တိုက်ထိ (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။