ဒီနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ မြောက်လန်ဒန်က အာဆင်နယ် နဲ့ စပါးတို့ကတော့ ဒီတစ်ပတ်ထဲမှာပဲ ရှုံးပွဲတွေ အသီးသီး ကြုံတွေ့လိုက်ရပေမယ့်လည်း အခုထိ ရှုံးပွဲ လုံးဝမရှိအောင် ကစားထားနိုင်တဲ့ ဥရောပ ကလပ်အသင်းတွေလည်း များစွာ ရှိနေပါသေးတယ်။ ဒီအသင်းတွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

အခုဆို ပရီးမီးယားလိဂ် လာလီဂါ နဲ့ စီးရီးအေတို့က အသင်းတွေဟာ ရှုံးပွဲမရှိ အသင်း လုံးဝမရှိတော့ပဲ ဘွန်ဒက်စ်လီဂါဘက်မှာတော့ လေဗာကူဆင် နဲ့ ဘိုင်ယန်မြူးနစ်တို့က (၁၀)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

Match report: Bundesliga, FC Bayern v Bayer Leverkusen

Photo Credit : FC Bayern Munich

လေဗာကူဆင်က (၁၀)ပွဲကစား (၉)ပွဲနိုင် (၁)ပွဲသရေ ဘိုင်ယန်က (၁၀)ပွဲကစား (၈)ပွဲနိုင် (၂)ပွဲသရေထိ စွမ်းဆောင်ထားနိုင်သလို ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံရမှာလည်း (၂)ဂိုးစီ သရေကျထားခဲ့ပါတယ်။

ပြင်သစ်လီဂူးဘက်မှာတော့ နိုက်စ်အသင်းက ပီအက်စ်ဂျီကိုပါ အနိုင်ယူထားပြီး (၁၁)ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲ (၇)ပွဲ သရေပွဲ (၄)ပွဲနဲ့ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့သလို ခံစစ်ကလည်း (၁၁)ပွဲအတွင်းမှာတောင် (၄)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။

Photo Credit : PSV Twitter X

ဥရောပ ထိပ်သီးလိဂ် (၅)ခုရဲ့ ပြင်ပမှာလည်း ရှုံးပွဲမရှိထားတဲ့ ဥရောပ ထိပ်သီး ကလပ်အသင်းတွေလည်း ရှိနေပါသေးတယ်။ နယ်သာလန်လိဂ်မှာ ဇယားထိပ်နားက PSV နဲ့ AZအယ်လ်ခမာတို့ဟာ လုံးဝ ရှုံးပွဲမရှိသေးပဲ PSV ကတော့ (၁၁)ပွဲ ကစားထားပြီးချိန် ရာနှုန်းပြည့် နိုင်ပွဲတွေပါ ရယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပေါ်တူဂီလိဂ်မှာ စပို့တင်း လစ္စဘွန်းအသင်း ၊ စကော့တလန်လိဂ်မှာ ဆဲလ်တစ်အသင်း နဲ့ တူရကီလိဂ်မှာ ဂါလာတာစာရေးအသင်းတို့က လုံးဝ ရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်းတွေအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။