ရီးယဲလ်မက်ဒရစ်အသင်းမှာ ဂန္တဝင် ကျောနံပါတစ်ခုဖြစ်တဲ့ ကျောနံပါတ် (၅)ကို ဝတ်ဆင်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂျုဒ့် ဘယ်လင်ဟမ်က သူဟာ ငယ်စဉ်ကတည်းက သူအခု ဝတ်ဆင်ထားရတဲ့ ကျောနံပါတ် ပိုင်ရှင်ဟောင်း ဖီဒန်းလို ကစားသမား ဖြစ်လာချင်လာခဲ့တာလို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဒီနွေကမှ ဒေါ့မွန်ကနေ ရီးယဲလ်အသင်းဆီ ယူရို (၁၀၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ရီးယဲလ်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဇီဒန်းရဲ့ ကျောနံပါတ် (၅)ကိုပါ ဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Twitter X

ဘယ်လင်ဟမ်က သူရဲ့ ရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အားလုံး မျှော်လင့်ထားတာထက် ပိုမို စွမ်းဆောင်ပြနိုင်ခဲ့ပြီး (၁၃)ပွဲ ကစားထားပြီးချိန်မှာ (၁၃)ဂိုးအထိ သွင်းယူထားသလို တစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆုတွေကိုလည်း (၉)ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။

အခုဆို ဘယ်လင်ဟမ်ဟာ ရီးယဲလ်မှာရော သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ အင်္ဂလန်မှာပါ ဇီဒန်းရဲ့ ကျောနံပါတ်တွေဖြစ်တဲ့ (၅) (၁၀)တို့ကို ဝတ်ဆင်နေရပြီး သူဘယ်လို ဇီဒန်းကို သိရှိသွားခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ကိုလည်း ဘယ်လင်ဟမ်က “ကျွန်တော်အဖေက တစ်နေ့ ကမ်းခြေကနေ ဇီဒန်းနာမည်ပါတဲ့ ဂျာစီအတုတစ်ထည်ကို ဝယ်ပြီးတော့ သူ ဘယ်သွားသွား အဲ့ဒီဂျာစီကိုပဲ အမြဲဝတ်ထားတက်တယ်။”

Photo Credit : Twitter X

“တစ်နေ့တော့ ကျွန်တော်က အဖေ ဝတ်ထားတဲ့ ဘောလုံးဂျာစီက ဘယ်ကစားသမား ဂျာစီလဲလို့ မေးလိုက်တော့ Youtube မှာ မင်း ရှာကြည့်လိုက်လို့ အဖေက ကျွန်တော့်ကို ပြန်ပြောတယ်။ အဲ့ဒီအချိန်ကနေ စတင်ပြီးတော့ ကျွန်တော် ဇီဒန်း ကစားတဲ့ပုံတွေကို မရပ်မနား ကြည့်နေမိပါတော့တယ်။”

“နောက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဇီဒန်းလို ကစားသမားတစ်ဦး ဖြစ်ချင်လာတဲ့ စိတ်တွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘယ်လင်ဟမ်ဟာ ရီးယဲလ်အတွက် အကျိုးအပြုနိုင်ဆုံး ကစားသမား ဖြစ်နေရပြီး လာလီဂါရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ သြဂုတ် အောက်တိုဘာလတွေမှာ (၂)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ရပါသေးတယ်။