ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းပြိုင်ပွဲ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ နယူးကာဆယ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် သူတို့ရဲ့ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်တော့ပဲ ပြိုင်ပွဲ ကနေ လက်ပြ နှုတ်ဆက်လိုက်ရပါပြီ။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ပြီးခဲ့တဲ့နှစ် ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီး အဆိုပါပွဲမှာ ယူနိုက်တက်က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီတကြိမ်မှာတော့ နယူးကာဆယ်က ယူနိုက်တက်ကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူကာ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက် ၀-၃ နယူးကာဆယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲ ရရှိရေး အတွက် အသင့်တော်ဆုံး လူစာရင်းတွေကို ထုတ်ခဲ့ကြပေမယ့် ဧည့်သည် နယူးကာဆယ်က အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ထက် ခြေစွမ်းပိုင်းမှာရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုမို သာလွန်ခဲ့သလို ဂိုးပြတ်နိုင်ပွဲ တပွဲပါ ရယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ နယူးကာဆယ် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၈မိနစ်မှာ တောင်ပံကစားသမား အယ်မီရွန် ၊ ပွဲချိန် ၃၆မိနစ်မှာ ကွင်းလယ်လူ ဟောလ်နဲ့ ပွဲချိန် ၆၀မိနစ်မှာ ကွင်းလယ်လူ ဝီးလော့တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Stretty News

မန်ချက်စတာ ယူနိုက်တက် ၀-၃ နယူးကာဆယ် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်လာရပြီး တန်ဟက်ဂ်ကတော့ နယူးကာဆယ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့မှု အတွက် သူ့မှာ တာဝန်ရှိကြောင်း ဝန်ခံလာပါတယ်။

တန်ဟက်ဂ်က – “ဒီရှုံးပွဲအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒီနေ့ခြေစွမ်းပိုင်းက ကျွန်တော်တို့အသင်း ရှိနေသင့်တဲ့ ခြေစွမ်းမျိုး မဟုတ်ခဲ့ပါဘူး။ ကျွန်တော့်မှာ အသင်းကို ပုံမှန်ခြေစွမ်း ပြန်ရအောင် ကူညီပေးရမယ့် တာဝန်ရှိပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ ခြေစွမ်းကို မြှင့်တင်ရပါမယ်။ ဒီခြေစွမ်းက မလုံလောက်ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားတွေက သူတို့ လုပ်ရမယ့် တာဝန်တွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။