ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ကာတာကလပ် အယ် ဒူဟယ်ကို ကိုင်တွယ်နေတဲ့ ဂယ်လ်တီယာက ဆော်ဒီ နာမည်ကြီးကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီတို့ရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၅၇နှစ် အရွယ် ပြင်သစ်လူမျိုး နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာက လိုင်လီ ၊ ပီအက်စ်ဂျီ စတဲ့ ပြင်သစ် နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီကို ကိုင်တွယ်ခဲ့ရာ အသင်းနဲ့အတူ လီဂူးဝမ်း ဆုဖလားနဲ့ ပြင်သစ် စူပါဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဂယ်လ်တီယာက ပီအက်စ်ဂျီအတွက် တရာသီ အတွင်းမှာ ဆုဖလား ၂လုံး ရယူပေးနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ စတဲ့ ကစားသမားတွေနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာကြောင့် ရာသီကုန်ချိန်မှာပဲ ပီအက်စ်ဂျီဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ထုတ်ပယ်ကာ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် မကြာသေးမီကပဲ ဂယ်လ်တီယာဟာ ကာတာကလပ် အယ် ဒူဟယ်ရဲ့ နည်းပြသစ် ဖြစ်လာပြီး ဂယ်လ်တီယာက သူ့ရဲ့ အယ် ဒူဟယ် နည်းပြဘဝ ပထမဦးဆုံးပွဲ အဖြစ် ရိုနယ်ဒိုရဲ့ အယ် နက်ဆာနဲ့ ရင်ဆိုင် ကစားခဲ့ရာ ရိုနယ်ဒိုရဲ့ သွင်းဂိုး ၂ဂိုးကြောင့် ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာ​ဗျူးမှာ ဂယ်လ်တီယာက ရိုနယ်ဒိုဟာ လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါလို့ ချီးကျူးသွားခဲ့တာပါ။

ဂယ်လ်တီယာက – “ရိုနယ်ဒိုနဲ့ ရင်ဆိုင်ရချိန်မှာ ခင်ဗျား လုပ်နိုင်တာ ဘာမှ သိပ်မရှိပါဘူး။ သူက လှပတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူသွားခဲ့တာပါ။ ကျွန်တော်က သူ့ကို ချီးကျူးဖို့ စကားလုံးတောင် ရှာလို့ မရတော့ပါဘူး။ အသက် ၃၈နှစ် အရွယ်မှာ သူ လုပ်ပြနေတာက အရမ်းကို ထူးဆန်း အံ့ဩစရာ ကောင်းပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ရှိနေဆဲပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။