ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၂ အာဆင်နယ် ပွဲစဉ်မှာ ချယ်လ်ဆီး တောင်ပံကစားသမား မူဒရစ်ခ်ရဲ့ ဂိုးဧရိယာပြင်ပ ကန်ချက်ကို မကာကွယ်နိုင်ခဲ့တဲ့ အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာဟာ နေရာယူပုံ မှားယွင်းခဲ့တယ်လို့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

လန်ဒန်မြို့ခံ အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း ဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်မှာ ရင်ဆိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Football 365

ချယ်လ်ဆီးနဲ့ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲရရှိရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပြီး အိမ်ရှင် ချယ်လ်ဆီးကတော့ ပရိသတ်အားပေးမှုနဲ့အတူ ဧည့်သည် အာဆင်နယ်ထက် ကစားပုံ ပိုသာခဲ့သလို ဦးဆောင်ဂိုး ၂ဂိုးလည်း အရင် ရခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးတွေကို ပွဲချိန် ၁၅မိနစ်နဲ့ ၄၈မိနစ်တို့မှာ ပါလ်မာနဲ့ မူဒရစ်ခ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ် အတွက် အဖိုးတန် ချေပဂိုးတွေကိုတော့ ပွဲချိန် ၇၇မိနစ်မှာ ဒီကလန်ရိုက်စ်နဲ့ ပွဲချိန် ၈၄မိနစ်မှာ လူစားဝင် ကစားသမား ထရော့ဆက်တို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီး ၂-၂ အာဆင်နယ် ပွဲစဉ်မှာ နှစ်ဖက်ဂိုးသမားတွေက အတော်လေး ကြီးမားတဲ့ အမှားတွေကို ကျူးလွန်ခဲ့ကြပြီး ရော်ဘတ် ဆန်းချက်ဇ်ရဲ့ ဘောလုံးပေးပို့မှုအမှား ကနေ ဒီကလန်ရိုက်စ်က အာဆင်နယ် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့သလို မူဒရစ်ခ်ရဲ့ သွင်းဂိုးမှာလည်း ဒေးဗစ် ရာယာက ဂိုးပေါက်နဲ့ အနည်းငယ် အလှမ်းဝေးနေတာကို မြင်ခဲ့ရပါတယ်။

Photo Credit: Mirror

မူဒရစ်ခ်က ဂိုးဧရိယာပြင်ပ ဘယ်ဘက်ခြမ်း ကနေ အာဆင်နယ်ရဲ့ ဂိုးပေါက်ထဲကို လှမ်းကန်ခဲ့တာ ဖြစ်ပြီး ဒေးဗစ် ရာယာက ဂိုးပေါက်ရဲ့ အရှေ့ကို အတော်လေး ရောက်နေခဲ့တာကြောင့် ဘောလုံးကို လိုက်လံ တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးဟာ သူ့ကို ကျော်ပြီး ဂိုးပေါက်ထဲကို ဝင်သွားခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ရာယာရဲ့ နေရာယူပုံ အလွဲကြောင့် မူဒရစ်ခ်ဟာ ဂိုးရသွားခဲ့တာလို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က – “ရာယာရဲ့ နေရာယူပုံဟာ မကောင်းခဲ့ပါဘူး။ သူက ဂိုးပေါက်နဲ့ အဝေးကြီးကို ရောက်နေခဲ့တာပါ။ ဒါက အာဆင်နယ် အတွက် မကောင်းပါဘူး။ ဘောလုံးက ဂိုးပေါက်ထဲကို မရောက်သင့်ဘူး။ မူဒရစ်ခ်က စတာလင်းဆီ ဘောလုံးပေးလိုက်တာပါ။ သူက ရာယာကို ကျော်ထည့်ချင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ရာယာကို ကျော်ထည့်လို့ ရတဲ့ အနေအထားမျိုးမှာပါ။ ရာယာက ဂိုးပေါက်နဲ့ အတော်လေး လှမ်းတဲ့ နေရာဆီ တက်သွားခဲ့တာပါ။ သူက ရှိသင့်တဲ့ နေရာထက် ၁ကိုက်လောက် ရှေ့ကို ရောက်နေခဲ့ပါတယ်။ သူ ဘာလို့ အခုလို လုပ်ခဲ့တာလဲ ဆိုတာကို မေးသင့်ပါတယ်” လို့ ပြောကာ ဒေးဗစ် ရာယာကို ဝေဖန်ခဲ့သွားခဲ့တာပဲ ဖြစ်ပါတယ်။