အင်္ဂလန်နဲ့ လီဗာပူးတို့ရဲ့ ဂန္တဝင် ကစားသမား စတီဗင် ဂျာရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီ နာမည်ကြီးကလပ် အယ် အတ်တီဖတ်က မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် ၊ ဝက်စ်ဟမ်း ၊ နော်တင်ဟမ် ဖောရက်စ် စတဲ့ ပရီးမီးယားလိဂ် ကလပ်တွေမှာ ကစားခဲ့ဖူးပါတယ်။

Photo Credit: Sky Sports

ဂျက်ဆီ လင်ဂတ်က နောက်ချန်တိုက်စစ် ၊ ကွင်းလယ်တိုက်စစ် ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံ စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိပြီး တဦးချင်း ဖြတ်ကျော်မှုတွေ လုပ်နိုင်သလို ဂိုးလာဘ် ရှိတဲ့ တောင်ပံတိုက်စစ် ကစားသမားပါ။

ဂျက်ဆီ လင်ဂတ်က အရည်အသွေးမြင့် တောင်ပံ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ လုပ်ခလစာ မြင့်မားမှုနဲ့ ကြံ့ခိုင်မှု အားနည်းချက်ကြောင့် အသင်းသစ် ရဖို့ ရုန်းကန်နေရပြီး ယခုလ အစပိုင်းမှာတော့ လင်ဂတ်က စတီဗင် ဂျာရတ် ကိုင်တွယ်နေတဲ့ အယ် အတ်တီဖတ်နဲ့ ပူးပေါင်းကာ လေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။

Photo Credit: Marca

လင်ဂတ်က အယ် အတ်တီဖတ်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ နည်းပြတွေ သဘောကျမယ့် ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့သလို အတ်တီဖတ်ရဲ့ ခြေစမ်းပွဲ တပွဲမှာ ဝင်ရောက် ကစားပေးစဉ်ကလည်း သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အယ် အတ်တီဖတ်ရဲ့ တာဝန်ရှိသူတွေက လင်ဂတ်ကို သူတို့အသင်းဆီ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အတ်တီဖတ်ရဲ့ တာဝန်ရှိသူတွေက လင်ဂတ်ကို လာမယ့် ၂၀၂၄ခုနှစ်မှာ သူတို့အသင်းဆီ ခေါ်ယူဖို့ အတွက် အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေပြီး အယ် အတ်တီဖတ်က အသင်းရဲ့ ရှိရင်းစွဲ နိုင်ငံခြားသား ကစားသမားတွေထဲက တဦးကို ရှင်းထုတ်ပြီးရင် လင်ဂတ်ကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းမယ်လို့လည်း သိရပါတယ်။