ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က မကြာခင်မှာ သူတို့အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ နောက်ခံလူ လင်ဒီလော့ဖ်နဲ့ ဝမ် ဘစ္စကာတို့ကို စာချုပ်သက်တမ်း တိုးနိုင်တော့မယ်လို့ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဆွီဒင်လက်ရွေးစင် ဗဟိုနောက်ခံလူ လင်ဒီလော့ဖ်က ၂၀၁၇ခုနှစ်မှာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက် အတွက် ၆နှစ်ကျော် ကာလအတွင်းမှာ ၂၄၁ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

Photo Credit: Team Talk

အသက် ၂၅နှစ် အရွယ် ညာနောက်ခံလူ ဝမ် ဘစ္စကာကတော့ ၂၀၁၉ခုနှစ်မှာ ခရစ္စတယ် ပဲလေ့စ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက် အတွက် ၄နှစ်ကျော် ကာလအတွင်းမှာ စုစုပေါင်း ၁၆၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိထားပါတယ်။

လင်ဒီလော့ဖ်နဲ့ ဝမ် ဘစ္စကာတို့က ကမ္ဘာ့အဆင့် နောက်ခံလူတွေ မဟုတ်ကြပေမယ့် သူတို့နှစ်ဦးရဲ့ ကစားရတဲ့ အချိန်တိုင်းမှာ အားသွန်ခွန်စိုက် ကစားတတ်မှု ၊ ကစားခွင့် မရချိန်မှာလည်း ကြိုးစားပမ်းစား လေ့ကျင့်မှုတို့ကြောင့် ယူနိုက်တက် နည်းပြအဆက်ဆက်ရဲ့ စိတ်ကြိုက် ကစားသမားတွေ ဖြစ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ လင်ဒီလော့ဖ်နဲ့ ဘစ္စကာတို့က မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့ပြီး ယူနိုက်တက်ကသာ စာချုပ်သက်တမ်း မကုန်မီ သူတို့ကို စာချုပ်သစ် မချုပ်ဆိုခဲ့ရင် လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: MEN

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဆမ်မြူရယ် လက်ဟော့စ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က လင်ဒီလော့ဖ်နဲ့ ဘစ္စကာတို့ကို စာချုပ်သစ်တွေ မချုပ်ခင် စာချုပ်ဟောင်းမှာ ပါဝင်တဲ့ ၁နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ ဆုံးဖြတ်လိုက်ကြပြီး မကြာခင် လင်ဒီလော့ဖ်နဲ့ ဘစ္စကာတို့ရဲ့ စာချုပ်တွေက လာမယ့် ၂၀၂၅ခုနှစ် ဇွန်လ အကုန် အထိ သက်တမ်း တိုးမြှင့်သွားတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လင်ဒီလော့ဖ်နဲ့ ဘစ္စကာတို့ရဲ့ ၁နှစ် သက်တမ်းတိုးခွင့်တွေကို အသုံးပြုခဲ့ပေမယ့် ဘစ္စကာကိုသာ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာကြောင့် လင်ဒီလော့ဖ်ဟာ လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာရဖွယ် ရှိနေပါတယ်။