ပြင်သစ် လီဂူးဝမ်းကလပ် စထရက်ဘော့ရဲ့ နည်းပြချုပ် ပက်ထရစ် ဗီအဲရာက မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာအများဆုံးပုဂ္ဂိုလ် ဖြစ်လာတော့မယ့် ရက်ကလစ်ဖ်ဟာ အသင်းပိုင်ရှင်ကောင်း တဦး ဖြစ်တာကြောင့် ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်ဟာ ရက်ကလစ်ဖ်နဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်ရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ဦး စာရင်းဝင် ရက်ကလစ်ဖ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် တဦး ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ရာခိုင်နှုန်းကို ပေါင် ၁.၅ ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူဖို့ ယူနိုက်တက်ရဲ့ ပိုင်ရှင် ဂလေဇာမိသားစုနဲ့ သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Mirror

ဒါ့အပြင် ရက်ကလစ်ဖ်က လာမယ့် ၅နှစ် အတွင်းမှာ ဂလေဇာမိသားစု ပိုင်ဆိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာတွေ အားလုံးကို တဖြည်းဖြည်းချင်း ဝယ်ယူဖို့ အတွက် သဘောတူညီမှု ရရှိထားတာကြောင့် မကြာခင်မှာ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာတော့မှာပါ။

ဂလေဇာမိသားစုက ရက်ကလစ်ဖ်ဆီ ရှယ်ယာ ၂၅ရာခိုင်နှုန်း ရောင်းချဖို့ သဘောတူခဲ့သလို အသင်းရဲ့ အားကစားရေးရာ တာဝန်တွေကို စီမံခန့်ခွဲခွင့်လည်း ပေးထားပြီး ရက်ကလစ်ဖ်ဟာ လာမယ့် နိုဝင်ဘာလမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းရေးရာကို ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။

Photo Credit: Metro

ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ နိုက်စ်မှာ ၂နှစ် ကြာအောင် နည်းပြ လုပ်ခဲ့ဖူးတဲ့ ဗီအဲရာကတော့ ရက်ကလစ်ဖ်ဟာ ရည်မှန်းချက် မြင့်မားသလို နည်းပြတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးတတ်တဲ့ အသင်းပိုင်ရှင်ကောင်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဗီအဲရာက – “ရက်ကလစ်ဖ်ဟာ ဘယ်တုန်းကမှ ကျွန်တော့်ရဲ့ အလုပ်ကို ဝင်မစွက်ဖက်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ ဆုံတဲ့ အခါတိုင်း အသင်းအကြောင်းတွေ ၊ ဘောလုံးအကြောင်းတွေနဲ့ မိသားစုတွေရဲ့ အကြောင်းတွေကို ပြောလေ့ ရှိကြပါတယ်။ ဒါပေမယ့် သူက နည်းပြတွေရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက်ဖက်တာမျိုး လုပ်လေ့ မရှိပါဘူး။ သူ့ရဲ့ ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေကလည်း ကြီးမားပါတယ်။ ဒါကြောင့် ခင်ဗျားက ကိုယ့်ရဲ့ အလုပ်ကို အကောင်းဆုံးတော့ လုပ်နိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။