ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်(၈)မှာ ပြိုင်ဘက် အာဆင်နယ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ဟာ သူတို့အသင်းကို ၁၂ပွဲဆက် ရှုံးပြီးမှ ၁ပွဲပဲ ပြန်နိုင်ထားတာပါလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ပွဲစဉ်(၈) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်မှာ ရင်ဆိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Standard

အသင်းကြီး နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲ ဖြစ်သလို ချန်ပီယံဆု အတွက် အမှားခံလို့ မရတဲ့ ပွဲမျိုး ဖြစ်တာကြောင့် နှစ်သင်းစလုံးက အတောင့်တင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြသလို နှစ်သင်းစလုံးက ဘောလုံးရရင် လျင်လျင်မြန်မြန် တိုက်စစ်မဆင်ပဲ ပြိုင်ဘက်ရဲ့ အမှားကို စောင့်ကာ ချောင်းကစားခဲ့ကြပါတယ်။

အနိုင်ရရှိရေးထက် မရှုံးနိမ့်ရေးကိုသာ အဓိကထား ကစားခဲ့ကြတာ​ကြောင့် သွင်းဂိုးတွေ များများစားစား မတွေ့ခဲ့ရပေမယ့် နှစ်ဖက်နည်းပြတွေ ၊ ကစားသမားတွေရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေကို အကြိမ်ကြိမ် တွေ့ခဲ့ရပြီး အိမ်ရှင် အာဆင်နယ်က ဧည့်သည် မန်ချက်စတာ စီးတီးထက် ကစားပုံရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုမို သာလွန် ကောင်းမွန်ခဲ့ပါတယ်။

Photo Credit: 90 Mins

ဒါကြောင့်လည်း ပွဲချိန် ၈၆မိနစ်မှာ လူစားဝင် တိုက်စစ်မှူး မာတီနယ်လီက အာဆင်နယ် အတွက် တလုံးထဲသော အဖိုးတန် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးကတော့ တပွဲလုံးမှာ ဂိုးပေါက် ကန်သွင်းခွင့် ၄ကြိမ်သာ ရခဲ့တဲ့ အထိ ခြေစွမ်းဆိုးရွားခဲ့ပါတယ်။

အာဆင်နယ် ၁-၀ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ သတင်းထောက် တဦးက ၅နှစ်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် လိဂ်ပွဲ ၂ပွဲဆက် ရှုံးနိမ့်ခဲ့မှု အတွက် ဘယ်လိုခံစားရလဲလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက အာဆင်နယ်ဟာ သူတို့အသင်းကို လိဂ်ပွဲ ၁၂ပွဲဆက် ရှုံးပြီးမှ ပြန်နိုင်ခဲ့တာကသာ သတင်းထူး ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားပါတယ်။ ဂွာဒီိယိုလာက – “ငါတို့တွေ ၂ပွဲဆက် ရှုံးနိမ့်ခဲ့တာက သတင်း မဟုတ်ဘူးကွ။ အာဆင်နယ်က ငါတို့ကို ၁၂ပွဲဆက် ရှုံးပြီးမှ ၁ပွဲ ပြန်နိုင်တာကို သတင်းလို့ ခေါ်တယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။